မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ အစီအစဉ် မရှိတော့ပဲ အသင်းကနေ အပြီးသတ် ရောင်းထုတ်လိုက်တာမျိုးသာ ဖြစ်လာနိုင်တယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ (၆)နှစ်အရွယ်မှာကတည်းက ယူနိုက်တက် လူငယ်အကယ်ဒမီဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆယ်ကျော်သက် အရွယ်မှာပဲ ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ပါတယ်။

Photo Credit : The Busby Babe

တကယ့်ကို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဂရင်းဝုဒ်ဟာ ယူနိုက်တက် တိုက်စစ်ပိုင်းမှာ အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ရော်ဘင် ဗန်ပါစီ လက်သစ်လို့ပါ တင်စား ခေါ်ဆိုခံရတဲ့အထိ တောက်ပခဲ့လာပါတယ်။

ဒါပေမယ့်လည်း ဂရင်းဝုဒ်က အတူနေချစ်သူအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ လိင်ပိုင်းဆိုင်ရာ အတင်းအကျပ် လုပ်ဆောင်မှုတွေကြောင့် အမှုရင်ဆိုင်ရပြီး အချိန်တစ်နှစ်ကျော်လောက် အမှုကိစ္စတွေနဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။ ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်လာချိန်မှာလည်း ယူနိုက်တက်နဲ့ သက်ဆိုင်နေတဲ့ အမျိုးသမီးထုတွေ တခြား စပွန်ဆာတွေကြောင့် ဂရင်းဝုဒ်က မန်ချက်စတာမှာ သူရဲ့ကစားသမားဘဝကို ရှေ့ဆက်ဖို့ ခက်ခဲခဲ့ရပါတယ်။

Photo Credit : United in Focus

ဒီလိုနဲ့ပဲ ဂရင်းဝုဒ်ဟာ နွေဈေးကွက် နောက်ဆုံးနေ့မှာပဲ ဂီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ အခုတော့ ဂရင်းဝုဒ်က ဂီတာဖေးမှာ ခြေစွမ်းတွေ ပြသလို့နေပြီး (၁၅)ပွဲကစား (၅)ဂိုးသွင်း (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို ဥရောပ ကလပ်အသင်းကြီးတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် ဘာစီလိုနာတို့လို ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေသည့်တိုင် ယူနိုက်တက်ဘက်ကတော့ သူတို့ကစားသမား ဂရင်းဝုဒ်ကို အသင်းမှာပဲ ဆက်ထိန်းထားဖို့ အစီအစဉ် ရှိမနေသေးပဲ ဂီတာဖေးကနေ အငှားပြည့်လို့ အသင်းဆီ ပြန်ရောက်မလာခင်မှာ အသင်းကြီး တစ်သင်းသင်းဆီ ရောင်းချဖို့ ကြိုတင် ဆောင်ရွှက်ထားဖွယ်သာ ရှိနေပါတယ်။