MySport Myanmar

ဇန်နဝါရီ ဈေးကွက်မှာပဲ ရပ်ရှ်ဖို့ဒ်နဲ့ လက်တွဲဖြုတ်သွားတော့မယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာ အသင်းရဲ့ အကယ်ဒမီထွက် အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို အသင်းကနေ ရောင်းထုတ်သွားတော့မယ်လို့ The Guardian ရဲ့ ဂျေမီ ဂျက်ဆင်က သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံး အသက်အရွယ်ကို ရောက်နေပေမယ့် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့တောင် ရုန်းကန်နေရသလို ခြေစွမ်းပိုင်း ကျဆင်းလွန်းနေတာကြောင့်လည်း မန်ချက်စတာဒါဘီပွဲမှာ လူစာရင်းကနေ လုံးဝ ချန်လှပ်ခံခဲ့ရပါသေးတယ်။

Photo Credit : Goal

ရပ်ရှ်ဖို့ဒ်ဟာ အသက် (၇)နှစ်သား အရွယ်ကတည်းက ယူနိုက်တက်ဆီ ရောက်ရှိနေခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၆ခုနှစ်မှာတော့ ယူနိုက်တက် စီနီယာအသင်းကြီးအတွက် စတင် ကစားခွင့် ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ တောက်လျှောက် ကစားခွင့် ရရှိလာရင်း အသင်းအတွက် အရေးပါတဲ့ ကစားသမားလည်း ဖြစ်လာပါတယ်။

ဒါပေမယ့် ရပ်ရှ်ဖို့ဒ်က အသင်းမှာ ခြေစွမ်းပိုင်း တမတ်တည်း မပြသနိုင်ခဲ့ဘဲ ခြေစွမ်းပြလိုက် ရုန်းကန်ရလိုက် ဖြစ်နေသလို အခုနောက်ပိုင်းနှစ်တွေမှာဆိုရင်လည်း အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားထားရလောက်တဲ့ စွမ်းဆောင်ရည်မျိုးပါ မပြသနိုင်တော့ဘဲ သွင်းဂိုးတွေပါ ကျဆင်းလာခဲ့ပါတော့တယ်။

Photo Credit : Football365

အခုတော့ ယူနိုက်တက်အသင်းက ရပ်ရှ်ဖို့ဒ်ကို အရောင်းစာရင်း တင်လိုက်ပြီဖြစ်ပြီး လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်အတွင်းမှာပဲ သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခု ရလာခဲ့မယ်ဆိုရင် ရပ်ရှ်ဖို့ဒ်ကို သေချာပေါက် ရောင်းချသွားတော့မှာ ဖြစ်သလို ဒီလို လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ကိုလည်း နည်းပြ ရူဘင် အမော်ရင်က သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဒီလို ယူနိုက်တက်ကနေ ထွက်ခွာသွားရတော့မယ့် ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ ယူနိုက်တက်ရဲ့ ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေသလို ဘာစီလိုနာအသင်းကလည်း ရပ်ရှ်ဖို့ဒ် အခြေအနေကို စောင့်ကြည့်လို့နေပါတယ်။ ယူနိုက်တက်ကတော့ ရပ်ရှ်ဖို့ဒ်အတွက် ပေါင်သန်း(၄၀)လောက်နဲ့ ရောင်းချသွားဖွယ်လည်း ရှိနေပါတယ်။

Exit mobile version