မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်ဖြစ်မဖြစ်ဖြစ် အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျေဒန် ဆန်ချိုကိုတော့ လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်သွားဖို့က ရာနှုန်းပြည့်ကို သေချာနေပြီလို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ်ရှိ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ ယူနိုက်တက် အခေါ်ယူချင်ဆုံး ကစားသမား ဖြစ်ခဲ့ပြီး သူ့ကို ဒေါ့မွန်ကနေ ခေါ်ယူနိုင်ဖို့ ဈေးကွက် (၂)ခုအထိ အချိန်ပေးပြီး ကြိုးပမ်းခဲ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်း ခေါ်ယူနိုင်ခဲ့ချိန်မှာတော့ ဆန်ချိုက ယူနိုက်တက်မှာ ဒေါ့မွန်ကလို ခြေစွမ်းမျိုးတွေ ပြသနိုင်ခြင်း မရှိပဲ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ခြေစွမ်းပိုင်း တသမတ်တည်း မရှိတဲ့အပြင် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ပါ အဆင်မပြေဖြစ်ရင်း ပွဲကစားခွင့်တွေပါ ပျောက်ဆုံးခဲ့ရတဲ့ ဆန်ချိုက သူ့အသင်းဟောင်း ဒေါ့မွန်ဆီကို ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ခဲ့ရသေးပြီး အခုတော့ အငှားသက်တမ်းပြည့်လို့ ယူနိုက်တက်ဆီ ပြန်လည် ရောက်ရှိလာရပါတော့မယ်။

ဒေါ့မွန်ဘက်က ဆန်ချိုကို အပြီးသတ် ခေါ်ယူချင်ပေမယ့်လည်း သူရဲ့ပြောင်းရွှေ့ကြေးကို မတက်နိုင်လို့ လက်လျှော့လိုက်ပြီး ယူနိုက်တက်ဆီကိုသာ ပြန်လည် ပို့ဆောင်လိုက်ရပေမယ့် ဆန်ချိုကတော့ ယူနိုက်တက်မှာ နည်းပြ တန်ဟက်ဂ် ရှိမနေတော့မှပဲ အသင်းအတွက် ပြန်လည် ကစားပေးသွားမယ်လို့ လေသံပစ်ထားခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ အသင်းမှာ တန်ဟက်ဂ် ဆက်ရှိရှိ မရှိရှိ နောက်နည်းပြတစ်ဦးပဲ ရောက်လာလာ မလာလာ အသင်းအတွက် ကစားပေးချင်စိတ် မရှိတော့တဲ့ ဆန်ချိုကို သေချာပေါက်ကို ရောင်းထုတ်သွားမှာ ဖြစ်တယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေရတဲ့ ဆန်ချိုကို ကလပ်အသင်းများစွာက စိတ်ဝင်စားလျက် ရှိနေကြပြီး ယူနိုက်တက်ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း(၄၀)လောက်အထိ အလိုရှိနေပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုအပြင် နောက်ထပ် အငှားချထားတဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ကိုလည်း ဒီနွေမှာပဲ အသင်းကနေ ရျင်းထုတ်သွားဖွယ် ရှိနေပါတယ်။