အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားထားခံရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းက အငှား ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ပေမယ့်လည်း ဒီကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်က ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Football365

   ယူနိုက်တက်အသင်း ဒီနှစ် နွေဈေးကွက်အတွင်းမှာ ရှင်းထုတ်သွားချင်နေတဲ့ ကစားသမားစာရင်းထဲ ပါဝင်နေသူ မက်ဂွိုင်းယားအတွက် ပေါင် သန်း (၅၀)အထိ ဈေးသတ်မှတ်ထားပြီး အဲ့ဒီပမာဏလောက်နဲ့ ကမ်းလှမ်းလာမှသာ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ အငှား ကမ်းလှမ်းချက်ကို ယူနိုက်တက်ဘက်က အလွယ်တကူပဲ ပယ်ချခဲ့လိုက်တာဖြစ်ပြီး ဝက်စ်ဟမ်းကလည်း မက်ဂွိုင်းယားအတွက် အငှားကိုမှ အပြီးသတ် ခေါ်ယူခွင့်ပါ ထည့်သွင်း ကမ်းလှမ်းသွားဖို့အထိ ပြင်ဆင်ထားပေမယ့်လည်း ယူနိုက်တက် သတ်မှတ်ထားတဲ့ တန်ကြေးက မြင့်မားလွန်းနေတာကြောင့် အခက်တွေ့နေရပါတယ်။

Photo Credit : Sky Sports

   လက်ရှိမှာတော့ အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယား သူရဲ့ အသင်းခေါင်းဆောင် လက်ပတ် ပြန်သိမ်းခံလိုက်ရတဲ့အပေါ် စိတ်မကောင်းဖြစ်နေသလို မကျေမနပ်လည်း ဖြစ်နေတာကြောင့် အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနိုင်တယ်လို့ သတင်းတချို့မှာ ဖော်ပြထားပေမယ့်လည်း မက်ဂွိုင်းယားကိုယ်တိုင်ကတော့ အသင်းခေါင်းဆောင် မဟုတ်တော့ရင်တောင်မှ ဒီအသင်းအတွက်သာ အကောင်းဆုံး ကြိုးစား ကစားပေးသွားချင်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒါပေမယ့် အသင်းဘက်ကတော့ မက်ဂွိုင်းယားအတွက် ကမ်းလှမ်းမှုတွေကို ဆက်လက် စောင့်ဆိုင်းလျက် ရှိနေပြီး လက်ခံနိုင်တဲ့ ပမာဏမျိုးနဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ဒီနွေမှာပဲ မက်ဂွိုင်းယားကို အပြီးသတ် ရောင်းချသွားဖို့ ရှိနိုင်ပါတယ်။