ဝက်စ်ဟမ်းအသင်းရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ် ကစားသမား စကော့ မက် တွမ်မီနေးအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၃၀)နဲ့ ကမ်းလှမ်းမှုတစ်ရပ်ကို ထပ်မံ လုပ်ဆောင်လာခဲ့ရာ ဒီကမ်းလှမ်းမှုကိုလည်း ယူနိုက်တက်ဘက်က ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။
ဝက်စ်ဟမ်းက ယူနိုက်တက် ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဂွိုင်းယား နဲ့ တွမ်မီနေးတို့အတွက် တစ်ဦးကို ပေါင် သန်း(၃၀)ထိပေးပြီး ကမ်းလှမ်းထားခဲ့ရာ မက်ဂွိုင်းယား အပြောင်းအရွှေ့အတွက်ကိုသာ ဆွေးနွေးနေဆဲဖြစ်ပြီး တွမ်မီနေးအတွက် ကမ်းလှမ်းမှုကိုတော့ ပယ်ချလိုက်ပါတယ်။
Photo Credit : Liga Olahraga
ဝက်စ်ဟမ်းက သူတို့ရဲ့ ကွင်းလယ်လူ အသင်းခေါင်းဆောင် ဒက်ကလန်ရိုက်စ်ကို အာဆင်နယ်အသင်းဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောင်းချလိုက်ပြီးကတည်းက ရိုက်စ်နေရာမှာ ပြန်လည် အစားထိုးနိုင်ဖို့ ကွင်းလယ် ကစားသမားတွေကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ပါလင်ညာ ဝက်ပရောက်စ် ဇာကာရီယာ ဂယ်လာဂါ အစရှိတဲ့ ကွင်းလယ်လူတွေအပြင် တွမ်မီနေးကိုလည်း ပစ်မှတ်ထားနေသေးတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ကြိုးပမ်းမှုတိုင်းဟာ ပယ်ချနေရတာကြောင့် အခုမှသာ တွမ်မီနေးအတွက်ကိုပါ ကြေးတိုးမြှင့် ကမ်းလှမ်းဖို့ စီစဉ်လာခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Twitter
ဒါပေမယ့်လည်း ယူနိုက်တက်ကတော့ မက်ဂွိုင်းယားအတွက် ပေါင် သန်း(၃၀)နဲ့ ကမ်းလှမ်းမှုကိုသာ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပြီး တွမ်မီနေးအတွက် သန်း(၃၀)နဲ့ ကမ်းလှမ်းချက်ကိုတော့ သဘောမကျပဲ ငြင်းပယ်ထားလိုက်ပါတယ်။
ဝက်စ်ဟမ်းကတော့ တွမ်မီနေးကို ခေါ်ယူဖို့ ခက်ခဲနေရပေမယ့်လည်း အေဂျက်စ်အသင်းရဲ့ မက္ကဆီကို ကွင်းလယ်လူ အဲလ်ဗာရက်ဇ်ကို ပေါင် (၃၅)သန်း package နဲ့ ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိထားခဲ့ပြီး ဒီကနေ့မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။