MySport Myanmar

ဒမ်ဖရိုင်းစ် နဲ့ ဘစ်ဆာခါ swap deal ကမ်းလှမ်းချက်ကို ပယ်ချခဲ့တဲ့ ယူနိုက်တက်

အင်တာမီလန်အသင်းရဲ့ ညာနောက်ခံကစားသမား ဒမ်ဖရိုင်းစ် နဲ့ မန်ချက်စတာ ယူနိုက်တက် ညာနောက်ခံလူ အာရွန် ဝမ်ဘစ်ဆာခါတို့ နှစ်ဦးကို ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်ဖို့ အင်တာဘက်က ကမ်းလှမ်းချက်ကို ယူနိုက်တက်က ပယ်ချခဲ့တယ်လို့ The Sun ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ နဂိုကတည်းက မန်ယူနိုက်တက် ကစားသမားတွေကို အစဉ်တစိုက် ခေါ်ယူတက်တဲ့ အသင်းတစ်သင်းဖြစ်ပြီး လူကာကူ ဆန်းချက်ဇ် ဒါမီယန် နဲ့ အက်ရှ်လေယန်းတို့ကို ခေါ်ယူခဲ့သလို ဒီဈေးကွက်အတွင်းမှာလည်း ယူနိုက်တက် ကစားသမား (၂)ဦးကိုပါ ပစ်မှတ်ထားနေပါတယ်။

Photo Credit : The Sun

ပထမတစ်ဦးက တိုက်စစ်မှူး အန်တိုနီ မာစီယဲလ်ဖြစ်ပြီး နောက်တစ်ဦးကတော့ ညာနောက်ခံလူ ဝမ်ဘစ်ဆာခါပဲ ဖြစ်ပါတယ်။ ပြင်သစ် တိုက်စစ်ကစားသမား မာစီယဲလ်ကို cut-price နဲ့ ဒါမှမဟုတ် အငှားကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းထားသလို ဘစ်ဆာခါကိုတော့ ကစားသမားချင်း အလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းထားပါတယ်။

ဒီကမ်းလှမ်းမှုတွေမှာ မာစီယဲလ်ကိုယ်တိုင်က ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့ သတင်းထွက်ပေါ်ခဲ့သလို ဒမ်ဖရိုင်းစ် နဲ့ ဝမ်ဘစ်ဆာခါတို့ရဲ့ ကစားသမား အလဲအလှယ် ကမ်းလှမ်းချက်ကိုတော့ ယူနိုက်တက်ဘက်က ပယ်ချခဲ့တယ်လို့ The Sun သတင်းမီဒီယာက ဖော်ပြထားပါတယ်။

Photo Credit : The Sun

ဒမ်ဖရိုင်းစ်က ယူနိုက်တက် စိတ်ဝင်စားခဲ့ဖူးတဲ့ နယ်သာလန် ညာနောက်ခံလူတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း အခုလို ဝမ်ဘစ်ဆာခါနဲ့ swap deal offer ကိုတော့ အသင်းဘက်က လက်မခံနိုင်ပဲ ငြင်းဆန်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာခါကို မကြာသေးခင်ကမှ one year option ကို အသက်သွင်းခဲ့ပြီး တစ်နှစ် ထပ်မံ သက်တမ်းတိုးသွားခဲ့ပါတယ်။

လက်ရှိမှာ ဘစ်ဆာခါရော ဒမ်ဖရိုင်းစ်ပါ ၂၀၂၅ခုနှစ်မှာ လက်ရှိ ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးကြတော့မှာ ဖြစ်ပေမယ့် ဒမ်ဖရိုင်းစ်ကတော့ သူ့ကို လစာလျှော့ပေးပြီး သက်တမ်းတိုးဖို့ အင်တာဘက်က ကမ်းလှမ်းမှုအပေါ် စိတ်တိုင်းမကျ ဖြစ်နေတာကြောင့် လာမယ့်နွေမှာပဲ အသင်းကနေ ထွက်ခွာသွားပါတော့မယ်။

Exit mobile version