လီဗာပူးလ် နည်းပြကြီး ယာဂင် ကလော့ပ်က မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ မနေ့ညက သူတို့အသင်းကို ရင်ဆိုင်ခဲ့စဉ် ပုံစံအတိုင်း အာဆင်နယ်အသင်းကိုသာ ယှဉ်ကစားမယ်ဆိုရင်တော့ လုံးဝ ရှုံးပွဲတွေ့သွားမှာ သေချာတယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ မန်ယူနိုက်တက်နဲ့ (၃)ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ရပြီး ပရီးမီးယားလိဂ်မှာတော့ (၂)ကြိမ်လုံး သရေကျခဲ့ရကာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာတော့ ယူနိုက်တက်က အချိန်ပိုမှာ (၄)ဂိုး (၃)ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်။

Photo Credit : Squawka

လီဗာပူးလ်က ဒီရာသီထဲ ယူနိုက်တက်ကို တစ်ကြိမ်မှ မနိုင်ခဲ့ပဲ အက်ဖ်အေဖလားမှာပါ ရှုံးနိမ့်ခဲ့ရလို့ ဆုဖလားတစ်ခုကိုပါ လက်လွတ်ခဲ့ရပါတယ်။ ဒါ့အပြင် အခု ပရီးမီးယားလိဂ်ပွဲမှာပါ သရေတစ်မှတ်ပဲ ရရှိခဲ့တာကြောင့် title race အတွက် အနည်းငယ် ထိုးနှက်ချက်လည်း ဖြစ်စေရပါတယ်။

လီဗာပူးလ်က အာဆင်နယ် မန်စီးတီးတို့နဲ့အတူ ပရီးမီးယားလိဂ် ဆုဖလားအတွက် အကြိတ်အနယ် အပြိုင်အဆိုင် ဖြစ်နေချိန် မနေ့ကလည်း အာဆင်နယ်နဲ့ မန်စီးတီးတို့ပါ အနိုင်ရထားချိန် လီဗာပူးလ်ကတော့ ယူနိုက်တက်ကို ဆာလာရဲ့ ပင်နယ်တီ ချေပဂိုးကြောင့်သာ သရေရလဒ်သာ ရရှိခဲ့ရင်း အဆင့်(၂)နေရာ ရောက်သွားခဲ့ရပါတယ်။

Photo Credit : The Independent

တကယ်ဆို လီဗာပူးလ်က ပထမပိုင်းမှာ အခွင့်အရေးတွေ အမြောက်အများ ရရှိခဲ့ပေမယ့်လည်း အသုံးမချနိုင်မှုဟာ အတော်လေးကို နစ်နာခဲ့ရပြီး ယူနိုက်တက်ကလည်း ပထမပိုင်းအတွင်း လုံးဝကို ပျောက်ဆုံးနေခဲ့ရကာ ဒုတိယပိုင်းမှသာ ပြန်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကစားဟန်နဲ့ ပတ်သက်ပြီး နည်းပြကလော့ပ်က “အာဆင်နယ်က အသင်းကောင်းတစ်သင်းပါ။ တကယ်လို့ ယူနိုက်တက်အနေနဲ့ ဒီနေ့မှာ ကစားသွားတဲ့ ပုံစံလိုမျိုးသာ ကစားမယ်ဆိုရင် အာဆင်နယ်က ယူနိုက်တက်ကို အနိုင်ရသွားပါလိမ့်မယ်။ အဲ့ဒါ ရာနှုန်းပြည့်ကို သေချာပါတယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။