မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ဒွန်နီ ဗန်ဒီဘိခ်ကို ဒီနေ့မှာပဲ တူရကီ ကလပ်အသင်းတွေဆီ အငှားချသွားဖို့အတွက် စီစဉ်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ဒီနွေမှာပဲ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ရောင်းချဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အပြီးသတ် ရောင်းချဖို့အတွက် အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ဈေးကွက် ဖွင့်လှစ်နေသေးတဲ့ တူရကီလိဂ်က အသင်းတွေဆီသာ အငှားချသွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

တူရကီလိဂ်ပြိုင်ပွဲက ဒီနေ့ စက်တင်ဘာ (၁၅)ရက်နေ့အထိ ဘောလုံးသမား အပြောင်းအရွှေ့တွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာလည်း အပြောင်းအရွှေ့ တော်တော်များများ ဖြစ်ပေါ်ထားခဲ့ရပါသေးတယ်။

တူရကီ ထိပ်သီးကလပ်တွေဖြစ်တဲ့ ဂါလာတာစာရေး ၊ ဖီနာဘာချီ နဲ့ ဘက်တစ်တက်အသင်းတွေက ယူနိုက်တက်ရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Goal

အသက် (၂၆)နှစ်အရွယ် အေဂျက်စ် ကစားသမားဟောင်း ဗန်ဒီဘိခ်ဟာ ၂၀၂၀ခုနှစ်ကတည်းက အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းနဲ့ (၃)ရာသီ ကျင်လည်ခဲ့ရင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၆၀) ပါဝင် ကစားထားခဲ့ကာ သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဗန်ဒီဘိခ်က ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ မလွယ်ကူတာကြောင့် ၂၀၂၂ခုနှစ်တုန်းက အဲဗာတန်အသင်းဆီ ရာသီဝက်အငှားနဲ့ သွားရောက် ကစားခဲ့ရသေးပြီး အခုလည်း တူရကီကလပ်အသင်းတွေဆီ ထပ်မံ အငှားနဲ့ ပြောင်းရွှေ့ရဖွယ် ရှိနေပါတယ်။