မန်ချက်စတာ ယူနိုက်တက်အသင်းက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ အသင်းရဲ့ ညာတောင်ပံကစားသမား အန်တိုနီကို အငှားကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တောင် လက်ခံစဉ်းစာပေးသွားနိုင်ဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ အေဂျက်စ်ကနေ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို ခေါ်ယူခဲ့ပြီးနောက် တန်ဟက်ဂ်က သူ့တပည့်ဟောင်းတွေဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်တိုနီတို့ကိုပါ ယူနိုက်တက်အသင်းဆီ အရ ခေါ်ဆောင်ခဲ့ပါတယ်။ ဒီနှစ်ဦးထဲမှာ မာတီနက်ဇ်က အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အန်တိုနီကတော့ အေဂျက်စ်မှာတုန်းကလို ခြေစွမ်းမျိုးတွေ ပြသဖို့ ရုန်းကန်နေခဲ့ရပါတယ်။

Photo Credit : Yardbarker

ယူနိုက်တက်ဟာ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် (၈၆)သန်း ယူရိုနဲ့ဆိုရင် ယူရို သန်း(၁၀၀)နီးပါးလောက်အထိ အသုံးပြုပြီး မရမက ခေါ်ယူခဲ့ရတာ ဖြစ်ပေမယ့်လည်း အန်တိုနီကတော့ ယူနိုက်တက် ကစားသမားဘဝ တတိယမြောက် ရာသီကို ရောက်နေတဲ့အထိ ခြေစွမ်းခြေစ ဘာမှ မယ်မယ်ရရ မပြနိုင်ပဲ flop နေခဲ့ရပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက်က အန်တိုနီကို အသင်းကနေ ရှင်းလင်းသွားချင်နေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)လောက်နဲ့ ရောင်းထုတ်သွားချင်နေသလို တကယ်လို့ ဆောင်းဈေးကွက်မှာလည်း အန်တိုနီအတွက် အငှားကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင်လည်း လက်ခံသွားဖို့ပါ အစီအစဉ် ရှိနေပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အနေနဲ့ အန်တိုနီကို ပွဲကစားခွင့်တွေ ပိုပေးနိုင်မယ့် အသင်းတစ်သင်းသင်းဆီ အငှားစေလွှတ်ရင်းနဲ့ အန်တိုနီကလည်း အဲ့ဒီအသင်းမှာ ခြေစွမ်းပြသနိုင်မယ် အသင်းအပေါ် အကျိုးပြုနိုင်မယ်ဆိုရင် အပြီးသတ် ခေါ်ယူမှုလည်း ရှိလာနိုင်သလို အဲ့ဒီလို မရှိလာခဲ့ရင်တောင် အခြားအသင်းတွေက အန်တိုနီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာနိုင်လိမ့်မယ်လို့ ယူနိုက်တက်ဘက်က ယူဆထားပါတယ်။

လက်ရှိမှာတော့ အန်တိုနီကို သူရဲ့အသင်းဟောင်း အေဂျက်စ်က ပြန်လည် ခေါ်ယူသွားချင်နေပြီး အပြီးသတ် ခေါ်ယူနိုင်ဖို့က မလွယ်ကူနိုင်တာကြောင့် အငှားနဲ့သာ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ဘက်ကဆိုရင်လည်း နယူးကာဆယ်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့က အန်တိုနီကို အလိုရှိနေသလို ရီးယဲလ် ဘက်တစ်ကလည်း အန်တိုနီကို အငှားနဲ့ ခေါ်ယူချင်နေပါတယ်။