MySport Myanmar

ဂါနာချိုကို ဒီလမကုန်မီ ရောင်းချနိုင်ဖို့ စီစဉ်ထားတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းကနေ ထွက်ခွာလိုနေတဲ့ လူငယ်တောင်ပံကစားသမားလေး အလက်ဟန်ဒရို ဂါနာချိုကို အခုနွေရာသီအပြောင်းအရွှေ့မှာ ရောင်းချဖို့ စဉ်းစားနေပြီး ဇူလိုင်လမကုန်မီ အပြီးသတ်ရောင်းချနိုင်ဖို့အတွက် အချိန်အနည်းငယ်သာ သတ်မှတ်ထားကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

အပြောင်းအရွှေ့ကာလ စတင်ကတည်းက နည်းပြရူဘင် အာမိုရင်ရဲ့ အစီအစဉ်တွေထဲမှာ နေရာမရတော့တဲ့နောက် ဂါနာချိုတစ်ယောက် အသင်းပြောင်းဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ကို အီတလီချန်ပီယံ နာပိုလီအသင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းတို့က အလေးအနက်ထား စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Goal

GIVEMESPORT ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဂါနာချိုရဲ့ အပြောင်းအရွှေ့ကို အချိန်ဆွဲလိုခြင်းမရှိဘဲ ဇူလိုင်လမကုန်မီ အပြီးသတ်ရောင်းချသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ချယ်လ်ဆီးနဲ့ နာပိုလီတို့ရဲ့ ပြင်းထန်တဲ့ စိတ်ဝင်စားမှုတွေကြားမှာ ယူနိုက်တက်ဟာ ဝယ်လက်ရှာဖွေမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ကလပ်အသင်းရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တော့တဲ့ ကစားသမား ၅ ဦးပါဝင်တဲ့ ‘ဖယ်ထုတ်ရန် ကစားသမားစာရင်း’ကို နည်းပြအာမိုရင်က ပြုစုထားခဲ့ပါတယ်။ အဲ့ဒီစာရင်းထဲက မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းဆီ အငှားစာချုပ်နဲ့ ထွက်ခွာသွားခဲ့ပြီးဖြစ်ပါတယ်။ အခုတော့ ဂါနာချိုကလည်း ရပ်ရှ်ဖို့ဒ်ရဲ့ ခြေရာအတိုင်း လိုက်ပါဖို့ အခြေအနေရှိနေပါတယ်။

Photo Credit : Just Arsenal

ပေါင်သန်း(၆၀) တန်ကြေးရှိတဲ့ ဒီအာဂျင်တီးနား တောင်ပံကစားသမားကို ကလပ်အသင်းများစွာက စိတ်ဝင်စားနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ အင်္ဂလန်မှာပဲ ဆက်နေလိုစိတ်ရှိကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

တစ်ဆက်တည်းမှာပဲ နည်းပြ အာမိုရင်က လာမယ့် ၂၀၂၅-၂၆ ရာသီအတွက် ဂိုးသွင်းတာဝန်ကို ယူဖို့ အသင်းက အသစ်ခေါ်ယူထားတဲ့ ဘရိုင်ယန် အမ်ဘူမို နဲ့ မားတီယပ်စ် ကူညာတို့ကို ယုံကြည်တဲ့အတွက် ထိပ်တန်းတိုက်စစ်မှူးသစ်တစ်ဦးကို ဒီနွေရာသီမှာ ထပ်မံခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ မကြာသေးမီက ဝန်ခံပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် အမေရိကန်နိုင်ငံမှာ ဝက်စ်ဟမ်းအသင်းနဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Exit mobile version