MySport Myanmar

CEO အသစ်ကြောင့် ဘန်ဇီမာကို ခေါ်ယူဖို့ အလားအလာကောင်းနိုင်တဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မကြာသေးခင်ကမှ CEO အသစ် အိုမာ ဘာရာဒါကြောင့် ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာကို ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းကနေ ခေါ်ယူဖို့ အလားအလာ ကောင်းမွန်နိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘာလွန်းဒေါဆုရှင် ဘန်ဇီမာဟာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာပဲ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ရာ လပိုင်းအကြာမှာပဲ ဆော်ဒီကနေ ပြန်လည် ထွက်ခွာချင်လာခဲ့ပါတယ်။

Photo Credit : Marca

ဘန်ဇီမာက အယ်လ်အစ်တီဟတ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ဆက်တိုက် ပျက်ကွက်လျက် ရှိနေသလို သူ့ကို အသင်းပြောင်းခွင့် ပေးဖို့အတွက်ပါ အသင်းထံကို တောင်းဆိုမှုတွေအထိ လုပ်ဆောင်ထားခဲ့ပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဘန်ဇီမာကို အာဆင်နယ် ချယ်လ်ဆီး မန်ယူနိုက်တက်တို့အပြင် သူ့အသင်းဟောင်း လိုင်ယွန်ကပါ ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ကြပြီး လက်ရှိမှာတော့ ဘန်ဇီမာကို ခေါ်ယူဖို့ ချယ်လ်ဆီး နဲ့ ယူနိုက်တက်တို့က ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။

Photo Credit : Goal

ဒီနှစ်သင်းလုံးဟာ လက်ရှိမှာ တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေတာကြောင့် ဘန်ဇီမာလို ဝါရင့် တိုက်စစ်မှူးကြီးကို ယာယီ သဘောမျိုးအနေနဲ့ အလိုရှိနေတာ ဖြစ်ပါတယ်။ ဘန်ဇီမာကို (၆)လအငှားနဲ့ ခေါ်ယူမယ်ဆိုရင်တောင် သူရဲ့ လုပ်ခလစာကြောင့် အငှားခေါ်ယူမှုက ကြေးများဖွယ်လည်း ရှိနေရပါတယ်။

လက်ရှိ အချိန်မှာတော့ ယူနိုက်တက်ရဲ့ CEO အသစ် ဘာရာဒါက အယ်လ်အစ်တီဟတ်အသင်းကို ပိုင်ဆိုင်ထားတဲ့ ဆော်ဒီအခြေစိုက် PIF လုပ်ငန်းစုရဲ့ ဒါရိုက်တာတွေနဲ့ ရင်းနှီးကျွမ်းဝင်နေသူဖြစ်လို့ ဒီအခြေအနေကနေပဲ အယ်လ်အစ်တီဟတ်ရဲ့ တိုက်စစ်မှူး ဘန်ဇီမာကို အငှားနဲ့ ခေါ်ယူဖို့ အခြေအနေကောင်းလာနိုင်ပါတယ်။

Exit mobile version