မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်မှာ အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် ကစားသမားသစ်တစ်ဦး အရ ခေါ်ယူသွားဖို့ ရှိနေပြီး လက်ရှိမှာလည်း ဂျီရိုနာ ဘယ်နောက်ခံကစားသမား မီဂွယ်လ် ဂူတီယာရက်ဇ်ကို တိုက်ရိုက် ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်က ဘယ်နောက်ခံနေရာအတွက် ဘိုင်ယန်မြူးနစ် ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ် ၊ ဘင်ဖီကာကို ရောက်ရှိနေတဲ့ ကစားသမားဟောင်း အဲလ်ဗာရို ဖာနန်ဒက်ဇ် ၊ ဘုန်းမောက် ဘယ်နောက်ခံလူ ကာကစ်ဇ်နဲ့ ဝုလ်ဖ်က ရာယန် အိတ် နူရီတို့ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။
Photo Credit : Managing Madrid
ဒီလို ကစားသမားတွေကို ချိန်ရွယ်ထားရာကနေ လက်ရှိမှာတော့ ယူနိုက်တက်အသင်းက ဂျီရိုနာအသင်းရဲ့ စပိန် ဘယ်နောက်ခံလူ ဂူတီယာရက်ဇ်ကို စိတ်ဝင်စားလာခဲ့ရင်း ဆက်သွယ်မှုတွေပါ လုပ်ဆောင်လာခဲ့တယ်လို့ TEAMtalk သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ ရီးယဲလ် မက်ဒရစ် အကယ်ဒမီထွက် အရည်အသွေးမြင့် ဘယ်နောက်ခံလူ ဂူတီယာရက်ဇ်က ၂၀၂၂ခုနှစ်ကတည်းက ရီးယဲလ်ကနေ ဂျီရိုနာအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေ အခုထိ ဂူတီယာရက်ဇ်က ဂျီရိုနာအသင်းအတွက် အဓိက ကစားသမား ဖြစ်နေခဲ့သလို ကလပ်အသင်းကြီးတိုင်းရဲ့ ပစ်မှတ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
Photo Credit : Managing Madrid
ဂူတီယာရက်ဇ်က ဂျီရိုနာအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာ ဖြစ်သလို ယူရို (၃၅)သန်းတန် စာချုပ်ဖျက်သိမ်းကြေး ရှိနေတယ် ဆိုပေမယ့် ရီးယဲလ်က ဂျီရိုနာဆီ ဂူတီယာရက်ဇ်ကို ရောင်းချစဉ်တုန်းက အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောင်းရွှေ့ကြေးရဲ့ ထက်ဝက်ကို ပြန်လည် ပေးချေရမယ်ဆိုတဲ့ သဘောတူညီချက် ထည့်သွင်းထားတာက ဒီကစားသမားကို ခေါ်ယူဖို့ ခဲယဉ်းနိုင်ရပါတယ်။
ဒီလို အခြေအနေတွေကြောင့်လည်း ဂျီရိုနာက ဂူတီယာရက်ဇ်အတွက် ယူရို (၃၅)သန်းထက် ပိုမိုတဲ့ တန်ကြေးတစ်ရပ်နဲ့ ရောင်းထုတ်သွားချင်နေပြီး ယူနိုက်တက်ကလည်း ဒီကစားသမားအတွက် အနိမ့်ဆုံး ယူရို (၄၅)သန်း သန်း(၅၀)လောက်အထိနဲ့ပင် ကမ်းလှမ်းသွားရဖွယ် ရှိနိုင်ပါတယ်။