မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို အသင်းကနေ အငှားစာချုပ်တွေနဲ့ ရှင်းထုတ်နိုင်ခဲ့ပေမယ့်လည်း တိုက်စစ်ကစားသမား တစ်ဦးတစ်လေကိုမှ ပြန်မခေါ်နိုင်သေးဘဲ ဈေးကွက်ပိတ်လိုက်ရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ အသင်းတိုက်စစ်မှာ ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့ အန်တိုနီနဲ့ ရပ်ရှ်ဖို့ဒ်တို့ကို ဆောင်းဈေးကွက် ပိတ်ခါနီးမှာပဲ ဘက်တစ်နဲ့ အက်စတွန် ဗီလာအသင်းတွေဆီ အသီးသီး အငှားချခဲ့ပြီး အန်တိုနီကို ဘက်တစ်အသင်းဆီ အငှားသီးသန့်ချခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကိုတော့ ဗီလာဆီ အငှား+အပြီးသတ်နဲ့ပါ လက်လွတ်သွားခဲ့ပါတယ်။
Photo Credit : Football365
တောင်ပံတိုက်စစ် ကစားသမား (၂)ဦးကိုတောင် အသင်းကနေ လက်လွတ်လိုက်တဲ့ ယူနိုက်တက်က အနည်းဆုံး တိုက်စစ်ကစားသမားတစ်ဦးခန့်ကို ပြန်လည် အလိုရှိနေပြီး ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာသွားဖို့ အစီမအစဉ် ရှိနေတဲ့ ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေး မာသိစ် တဲလ်ကို ချိန်ရွယ်လာခဲ့ပါတယ်။
ယူနိုက်တက်အပြင် အာဆင်နယ် ချယ်လ်ဆီး စပါးတို့ကပါ အလိုရှိနေတဲ့ တဲလ်ကို စပါးဘက်က ယူရိုသန်း(၆၀)နဲ့ ခေါ်ယူဖို့ ဘိုင်ယန်နဲ့ နှစ်သင်းကြား သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် တဲလ်ကတော့ စပါးဆီ ပြောင်းရွှေ့ဖို့ ပြောင်းရွှေ့ဖို့ ငြင်းဆန် ပယ်ချခဲ့ပြီး သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ယူနိုက်တက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Photo Credit : The Independent
ယူနိုက်တက်ကလည်း တဲလ်ကို ရာသီကုန်အထိ အငှားစာချုပ် + အပြီးသတ် ခေါ်ယူမှုတို့နဲ့ ခေါ်ယူသွားဖို့အတွက် ဘိုင်ယန်အသင်းထံဆီ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဘိုင်ယန်ဘက်ကတော့ အသင်းကနေ တစ်ခါတည်း အပြီးသတ်သာ ရောင်းချလိုက်ချင်တာကြောင့် ယူနိုက်တက် ကမ်းလှမ်းချက်တွေ ပယ်ချခဲ့ပါတယ်။
ဒါကြောင့် ယူနိုက်တက်နဲ့ တဲလ်တို့ရဲ့ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရပြီး ဒီနေ့ ဆောင်းဈေးကွက် နောက်ဆုံးနေ့မှာတော့ ယူနိုက်တက်က တိုက်စစ်ကစားသမား တစ်ယောက်ခန့်လောက် လိုအပ်နေပေမယ့်လည်း အသည်းအသန် ခေါ်ယူသွားဖွယ် မရှိနိုင်ဘဲ ဟွိုင်လန်း ဇာ့ခ်ဇီး ဂါနာချို အာမက်တို့ (၄)ဦးတည်းနဲ့သာ ရာသီကုန်ထိ ဖြတ်သန်းဖွယ်လည်း ရှိနေပါတယ်။