မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနွေဈေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ် (၂)ဦးအထိ ဖြည့်တင်းထားပြီးချိန်မှာ နောက်ထပ် ဖြည့်တင်းမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေသေးပြီး လက်ရှိမှာတော့ ကွင်းလယ်ပိုင်းကို ဦးစားပေး ဖြည့်တင်းဖွယ် ရှိနေပါတယ်။

တိုက်စစ်ကစားသမား ဇာ့ခ်ဇီးနဲ့ ခံစစ်ကစားသမားလေး ယိုရိုတို့ကို ခေါ်ယူထားနိုင်တဲ့ ယူနိုက်တက်က ကွင်းလယ်ပိုင်းအတွက် အူဂါတေး ဇူဘာမန်ဒီ ရာဘီအော့ဖ်နဲ့ ဖိုဖားနားတို့ကို ပစ်မှတ်ထားလို့နေပြီး အမ်မရာဘတ်ကိုလည်း နောက်ထပ် တစ်ရာသီအငှားနဲ့ ခေါ်ယူသွားဖို့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

Photo Credit : Goal

ဒီကွင်းလယ်ကစားသမား (၄)ဦးထဲမှာ ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားသည့်တိုင် ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေး ယူရို သန်း(၇၀)လောက်အထိ အလိုရှိနေတာကြောင့် အူဂါတေးနဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းကြား သဘောတူညီချက် ရယူနိုင်ဖို့က ခက်ခဲနေရပါတယ်။

ဒီအချိန်မှာ ယူနိုက်တက်က ဆိုစီဒက်ရဲ့ စပိန် ကွင်းလယ်လူ မာတင် ဇူဘာမန်ဒီနဲ့ မိုနာကိုက ပြင်သစ် ကွင်းလယ်ကစားသမား ယိုဆွတ်ဖ် ဖိုဖားနားတို့ကို မျက်စိကျလာခဲ့ပြီး ဒီကစားသမားနှစ်ဦးထဲမှာတော့ ဖိုဖားနားက အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် ခေါင်းညိတ်ထားသူလည်း ဖြစ်တာကြောင့် ယူနိုက်တက်က ဖိုဖားနားကို ဇာ့ခ်ဇီလိုမျိုး လုယူသွားဖွယ် ရှိလာနိုင်ပါတယ်။

Photo Credit : Transfermarket

ဘိုလော့ဂ်နာအသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဇာ့ခ်ဇီးဟာလည်း ယူနိုက်တက်ကို မပြောင်းခင်တုန်းက အေစီမီလန်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီထားတာဖြစ်ပြီး အေးဂျင့် ကော်မရှင်ခ အဆင်မပြေသေးလို့သာ အပြောင်းအရွှေ့က ကြန့်ကြာနေခဲ့တာဖြစ်ကာ ဒါကို ယူနိုက်တက်ဘက်က အကောင်းဆုံး အသုံးချခဲ့ရင်းနဲ့ ဇာ့ခ်ဇီးကိုပါ အရ ခေါ်ယူနိုင်ခဲ့ပါတယ်။

အခုလည်း မီလန်နဲ့ personal agreed ဖြစ်ထားတဲ့ ဖိုဖားနားကို နောက်တစ်ကြိမ် လုယူသွားဖို့ စီစဉ်လာခဲ့ပြီး မိုနာကိုကလည်း သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို (၃၅)သန်းသာ သတ်မှတ်ထားဖြစ်လို့ ဒီတန်ကြေးက ဇူဘာမန်ဒီနဲ့ အူဂါတေးတို့ထက် ပိုမို သက်သာလို့နေပါတယ်။ ဒါပေမယ့် ဖိုဖားနားလို အရည်အသွေးမြင့် ကွင်းလယ်ကစားသမား အသက်လက်တီကို မက်ဒရစ်အသင်းကပါ ကြားဖြတ်လုသွားဖို့ စောင့်ကြည့်နေပါတယ်။