မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ ပစ်မှတ်ဟောင်းဖြစ်တဲ့ ဂျုဗင်တပ်စ် ကွင်းလယ်ကစားသမား အက်ဒရီယန် ရာဘီယော့ကို အလွတ်နဲ့ ခေါ်ယူသွားဖို့အတွက် ထပ်မံ ကြိုးပမ်းနေပြန်တယ်လို့ Caught Offside ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ရာဘီယော့ဟာ ဒီရာသီအကုန်မှာပဲ သူရဲ့လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာလည်း စာချုပ်ကိစ္စ မဆွေးနွေးဖြစ်သေးပဲ ရှိနေပါတယ်။

Photo Credit : TEAMtalk

ပီအက်စ်ဂျီ ကစားသမားဟောင်း ရာဘီယော့ဟာ ၂၀၁၉ခုနှစ်ကတည်းက ဂျုဗင်တပ်စ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၂ နွေရာသီမှာတော့ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ အတော်လေးကို နီးစပ်တဲ့ အခြေအနေအထိပါ ရောက်ရှိခဲ့ရပါတယ်။ အဲ့ဒီတုန်းက ယူနိုက်တက်က ဒီဂျောင်ကို မခေါ်နိုင်လို့ ရာဘီယော့ဆီ ချဉ်းကပ်ခဲ့ပေမယ့် လစာကိစ္စ အဆင်မပြေလို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေတုန်းကလည်း ရာဘီယော့နဲ့ ဂျုဗင်တပ်စ်တို့ သက်တမ်း ထပ်မတိုးခင် ရာဘီယော့ကို အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် ရာဘီယော့က ဂျုဗင်တပ်စ်နဲ့သာ တစ်နှစ် ထပ်မံ သက်တမ်းတိုးသွားခဲ့တာကြောင့် ယူနိုက်တက်က အမ်မရာဘတ်ကိုပဲ အငှားနဲ့ ခေါ်ယူခဲ့ရပါတယ်။

Photo Credit : Football Transfer

အခုတော့ ရာဘီယော့နဲ့ ဂျုဗင်တပ်စ်တို့ကြား စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ တတိယအကြိမ်အဖြစ် ထပ်မံ ကြိုးပမ်းလာခဲ့ပြီး Caught Offside ရဲ့ သတင်းဖော်ပြချက်အရဆိုရင် ဆွေးနွေးမှုတွေပါ ပြုလုပ်နေပြီလို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ကလည်း လာမယ့်ရာသီအတွက် အသင်းအတွင်း အပြောင်းအလဲများစွာ လုပ်ဆောင်ဖို့ ရှိနေပြီး ကစားသမား အားဖြည့်အပိုင်းမှာပါ အလွတ် ခေါ်ယူမှုတွေကို ပိုမို လုပ်ဆောင်ရနိုင်တဲ့အတွက် ရာဘီယော့နဲ့ ဖူလ်ဟမ် နောက်ခံလူ အဒါယာဘီအိုလိုတို့လို ကစားသမားတွေကို အလွတ်နဲ့ ခေါ်ယူဖွယ် ရှိနေပါတယ်။