MySport Myanmar

စပိန် အိုလံပစ် နောက်ခံကစားသမားလေး ဆန်းချက်ဇ်ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆီဗီလာအသင်းရဲ့ ညာနောက်ခံကစားသမားလေး ဟွမ်လူ ဆန်းချက်ဇ်ကို စိတ်ဝင်စားနေတာကြောင့် ကစားသမားရဲ့ အချက်အလက်တွေကို ထပ်မံ တောင်းဆိုဖို့အတွက် ဆီဗီလာအသင်းဆီ ဆက်သွယ်ထားခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိ ညာနောက်ခံနေရာမှာ ဒီယိုဂို ဒါလော့နဲ့ ဒီနွေမှ ဘိုင်ယန်ကနေ ခေါ်ယူထားတဲ့ မာဇာရာဝီတို့ ရှိနေပေမယ့်် ဟွမ်လူ ဆန်းချက်ဇ်လို ညာခြမ်း တစ်ခြမ်းလုံး နေရာအစုံ လိုက်ပါကစားတက်တဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦးကိုတော့ အသင်းဆီ ခေါ်ယူအားဖြည့်ချင်လာခဲ့ပါတယ်။

Photo Credit : The Seattle Times

အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆီဗီလာ အကယ်ဒမီထွက် ဆန်းချက်ဇ်ဟာ စပိန်အိုလံပစ်အသင်းနဲ့အတူ ပြီးခဲ့တဲ့ ပဲရစ် အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲကို ဆင်နွဲခဲ့ရင်း ရွှေတံဆိပ်ဆုကိုပါ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဆန်းချက်ဇ်က ဆီဗီလာအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင် ကစားပေးခဲ့ရတာဖြစ်ပြီး အခုဆိုရင်လည်း အသင်းရဲ့ အရေးပါတဲ့ ကစားသမားပါ ဖြစ်နေပါတယ်။

လက်ရှိမှာ ဒီကစားသမားလေးကို ယူနိုက်တက် အပါအဝင် ကလပ်အသင်း တချို့က စိတ်ဝင်စားလျက် ရှိနေကြပြီး ဆန်းချက်ဇ်နဲ့ ဆီဗီလာတို့ရဲ့ စာချုပ်သက်တမ်းဟာလည်း ၂၀၂၆ခုနှစ်အထိသာ ရှိနေတော့တာမို့ စာချုပ်သစ်သာ မကမ်းလှမ်းနိုင်ဘူးဆိုရင် လာမယ့်နွေမှာပဲ အသင်းကနေ ရောင်းထုတ်သွားရဖွယ် ရှိနေပါတယ်။

Photo Credit : Football Espana

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဟွမ်လူ ဆန်းချက်ဇ်ကို ယူနိုက်တက်အသင်းဘက်ကနေ ဆက်သွယ်မှု ပြုလုပ်လို့ထားပြီး ကစားသမားဘက်ကလည်း ယူနိုက်တက် ညာနောက်ခံလူ ဒါလော့ရဲ့ ကစားဟန်တွေကို လေ့လာကြည့်ခဲ့ဖူးတယ်လို့ ဝန်ခံ ပြောဆိုထားခဲ့ပါသေးတယ်။

တကယ်လို့ ယူနိုက်တက်သာ ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ညာနောက်ခံနေရာထက် ညာတောင်ပံနေရာမှာသာ အသုံးပြုသွားဖို့ ရှိနိုင်ပြီး အသင်းက ညာတောင်ပံကစားသမား အန်တိုနီကိုတော့ လာမယ့် ဆောင်းဈေးကွက် ဒါမှမဟုတ် လာမယ့်နွေမှာ အသင်းကနေ သေချာပေါက် ရှင်းထုတ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version