ဗဟိုခံစစ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းသွားရဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ပစ်မှတ် ခံစစ်ကစားသမား (၂)ဦးထဲကမှ လိုင်လီအသင်းရဲ့ ဆယ်ကျော်သက် နောက်ခံကစားသမားလေး လယ်နီ ယိုရိုကိုသာ ပိုမို ဦးစားပေး ပစ်မှတ်ထားလာခဲ့တယ်လို့ ပြင်သစ် အခြေစိုက် သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ centre-back နေရာအတွက် ဘရန့်ဝိတ် ၊ ဒီလစ် ၊ ယိုရို အစရှိတဲ့ ခံစစ်မှူးတွေကို ပစ်မှတ်ထားခဲ့ရင်း ဘရန့်ဝိတ်နဲ့ ယိုရိုတို့ကိုတော့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ဒီလစ်ကိုတော့ ကမ်းလှမ်းမှုတွေ မလုပ်ဆောင်ထားခဲ့ပေမယ့်လည်း ကစားသမားနဲ့ရော အသင်းနဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
Photo Credit : Stretty News
လက်ရှိမှာ အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ်ကို ခေါ်ယူဖို့က အဲဗာတန် တောင်းဆိုတဲ့ တန်ကြေး မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့အတွက် ယူနိုက်တက်က ဒီလစ်နဲ့ ယိုရိုတို့ကိုသာ ပစ်မှတ်ထားလာခဲ့ရပြီး ဒီနှစ်ဦးထဲမှာတော့ ယိုရိုတစ်ဦးတည်းအတွက်သာ ကမ်းလှမ်းမှု လုပ်ဆောင်ထားခဲ့ရပါတယ်။
ယူနိုက်တက်က ယိုရိုအတွက် ကမ်းလှမ်းမှု လုပ်ဆောင်ထားပြီး ဒီကမ်းလှမ်းမှုကိုလည်း လိုင်လီဘက်က လက်ခံထားခဲ့သည့်တိုင် ကစားသမားကတော့ ယူနိုက်တက်ထက် ရီးယဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ချင်နေပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က ယိုရိုရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်နေပါတော့တယ်။
Photo Credit : Youtube
ဒီလစ်ကလည်း ယူနိုက်တက်ဘက်က သူ့အတွက် တရားဝင် ကမ်းလှမ်းမှုတွေ မလုပ်ဆောင်ထားသေးချိန်မှာပါ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လို့နေပြီး ဒီလစ်အတွက် ဘိုင်ယန်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ အဆင်မပြေ ဖြစ်နေရသလို ဘိုင်ယန်ပရိသတ်တွေကလည်း ဒီလစ်ကို အသင်းကနေ ရောင်းချခြင်း မပြုဖို့ပါ တောင်းဆိုထားလို့ ဒီလစ် အပြောင်းအရွှေ့က အနည်းငယ် ရှုပ်ထွေးလာရပါတယ်။
ဒါကြောင့် ယူနိုက်တက်က ယိုရိုကိုသာ ပိုမို ဦးစားပေး ကြိုးပမ်းသွားဖို့ ရှိနေပြီး ကစားသမားနဲ့ အသေအချာ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။ တကယ်လို့ ယူနိုက်တက်က ယိုရိုကိုသာ ခေါ်ယူလိုက်နိုင်မယ်ဆိုရင် ဒီလစ်ကို ခေါ်ယူဖို့ ကြိုးစားတော့မှာ မဟုတ်ပဲ တခြားသော နေရာတွေအတွက်ကိုသာ ခေါ်ယူဖြည့်တင်းသွားဖွယ် ရှိနိုင်ပါတယ်။