မနေ့က နယူးပို့တ်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ တောင်ပံတိုက်စစ် ကစားသမားလေး အာမတ် ဒီရယ်လ်လို အသင်းရဲ့ အရန်လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ်က လုံးဝ အသုံးပြုခဲ့ခြင်း မရှိတဲ့အပေါ် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ဒေါသပုန်ထနေကြပါတယ်။

မန်ယူနိုက်တက်အသင်းဟာ တောင်ပံတိုက်စစ် နေရာတွေမှာ ကစားသမား အများအပြား ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး ဘယ်ခြမ်းမှာ ရပ်ရှ်ဖို့ဒ် ဂါနာချိုတို့ ရှိနေသလို ညာခြမ်းမှာလည်း အန်တိုနီ အာမတ် နဲ့ ပယ်လစ်စထရီတို့ ရှိနေပါတယ်။

Photo Credit : Goal

ဒါပေမယ့် နည်းပြ တန်ဟက်ဂ်က တောင်ပံတွေမှာ ရပ်ရှ်ဖို့ဒ် အန်တိုနီ ဂါနာချိုတို့ (၃)ဦးကိုသာ အများဆုံး အသုံးပြုလေ့ရှိပြီး ပယ်လစ်စထရီဆိုရင် အခု ဈေးကွက်ထဲမှာပဲ အငှားချတော့မှာ ဖြစ်သလို ဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့ အာမတ်ကိုလည်း ပွဲကစားခွင့်မပေးပဲ အရန်စာရင်းမှာသာ ထားရှိနေပါတယ်။

ရာသီကြို ခြေစမ်းပွဲ ကာလမှာကတည်းက ဒဏ်ရာရသွားခဲ့လို့ ဘောလုံးရာသီဝက်လောက်အထိ အနားယူလိုက်ရတဲ့ အာမတ်ဟာ ဒီဇင်ဘာလကုန်ပိုင်းမှ ဒဏ်ရာကနေ ပြန်လည် သက်သာလာတာ ဖြစ်ပေမယ့် ဒဏ်ရာ သက်သာချိန်ကနေ ယူနိုက်တက်ရဲ့ နောက်ဆုံး (၄)ပွဲအတွင်း (၁)ပွဲလေးသာ လူစားဝင်အဖြစ် ပါဝင်ခဲ့ရပါတယ်။

Photo Credit : Stretty News

ဒီရာသီ ယူနိုက်တက်ရဲ့ တိုက်စစ်က အားရစရာ အနေအထားမှာ ရှိမနေသလို ကစားသမားတွေရဲ့ အားထုတ်မှုကလည်း လိုအပ်ချက်တွေ ရှိနေပေမယ့် ဒီလို လိုအပ်ချက် ရှိနေတဲ့ ကစားသမားတွေကိုသာ ဆက်တိုက် နေရာပေးတဲ့ နည်းပြ တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်တွေက လုံးဝ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

တန်ဟက်ဂ်က အာမတ်လို အရည်အသွေးမြင့် တောင်ပံကစားသမားလေးကို ဝီဂန်နဲ့ အက်ဖ်အေဖလားပွဲမှာ အရန်စာရင်းတောင် ထည့်သွင်းခြင်း မရှိခဲ့သလို နယူးပို့တ်နဲ့ အက်ဖ်အေဖလားပွဲမှာလည်း အရန်စာရင်းထဲ ထည့်သွင်းခဲ့ပေမယ့် လုံးဝ ပွဲကစားခွင့်မပေးပဲ အာမတ်ကိုကျော်ပြီး ဖော်ဆန်ကိုပါ ထည့်သွင်းခဲ့လို့ ဒီလုပ်ရပ်အပေါ် ယူနိုက်တက် ပရိသတ်တွေက ပေါက်ကွဲနေကြပါတယ်။