MySport Myanmar

(၃၄)နှစ် ကာလအတွင်း အဆိုးရွှားဆုံး တာထွက်နဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ ဧည့်သည် ခရစ္စတယ် ပဲလေ့စ်အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ပြီးနောက် အသင်းဟာ နှစ်ပေါင်း (၃၄)နှစ် ကာလအတွင်း အဆိုးရွှားဆုံး တာထွက်နဲ့ ရင်ဆိုင်နေရပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ ဒုတိယမြောက် ဘောလုံးရာသီမှာ မန်ယူနိုက်တက်အသင်းက ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းတွေမှာပါ ထင်ထားတာထက်တောင် ပိုမို ဆိုးရွှားလာခဲ့ရပြီး အခုဆိုရင်ပဲ ပရီးမီးယားလိဂ် ပွဲစဥ် (၇)ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲက (၄)ပွဲအထိတောင် ရှိလာခဲ့ရပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် ပိုမို တောင့်တင်းတဲ့ ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားရပေမယ့်လည်း အသင်းအတွင်း ဒဏ်ရာရ ကစားသမားတွေအပြင် နည်းပြနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဆန်ချို နဲ့ အိမ်တွင်း အကြမ်းဖက်မှုကြောင့် စစ်ဆေးခံနေရတဲ့ အန်တိုနီတို့ကြောင့် အသုံးပြုလို့ရတဲ့ ကစားသမားဦးရေ နည်းပါးနေချိန်မှာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်တွေက တော်တော် အားနည်းနေခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပဲလေ့စ်ကို အိမ်ကွင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရတာကတော့ ယူနိုက်တက်တို့ final third zone ထဲ ရောက်သွားရင် ဘာမှမလုပ်တက်တော့သလို ဖြစ်သွားတာက အသင်းအတွက် တကယ်ကို စိုးရိမ်စရာပါ။ ဒါ့အပြင် အားကိုးတကြီးနဲ့  ခေါ်ထားတဲ့ တိုက်စစ်မှူးလေး ဟွိုက်လန်းကလည်း အသင်းရဲ့ ဂိုးပေါက်မှာ ခုထိ အားကိုးလို့ မရသေးတာကလည်း အသင်း ဂိုးတွေရဖို့ ရုန်းကန်နေရတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာစေပါတယ်။

Photo Credit : Reuters

အခုတော့ မန်ယူနိုက်တက်အသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲပေါင်း (၄)ပွဲ ချန်ပီယံလိဂ် (၁)ပွဲပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် ရှုံးပွဲ (၅)ပွဲအထိကို ရှိနေပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် (၇)ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ (၄)ပွဲအထိ ရှိနေရတယ် ဆိုတာကလည်း ပရီးမီးယားလိဂ် ရာသီ (၃၄)ရာသီအတွင်း ယူနိုက်တက်အသင်းရဲ့ အဆိုးရွှားဆုံးသော တာထွက်တစ်ခုလည်း ဖြစ်နေရပါတယ်။

ဒီလိုအခြေအနေတွေက ဒဏ်ရာရ ကစားသမားတွေ အရမ်းများပြားနေရတာကြောင့်လို့ ဆိုနိုင်ပေမယ့်လည်း အသင်းအတွက် ကစားပေးလို့ရနိုင်တဲ့ ကစားသမားတွေရဲ့ အားထုတ်မှုတွေကလည်း ပုံမှန်ရှိနေဖို့ လိုအပ်သလို ဒီလို အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ဖို့ နည်းပြ တန်ဟက်ဂ်ရဲ့ ဗျူဟာကျလှတဲ့ နည်းစနစ်ကောင်းတွေလည်း လိုအပ်နေပါတယ်။

Exit mobile version