MySport Myanmar

အမ်ဘူမိုကို ခေါ်ယူရေး ပိုမို အခက်တွေ့လာရဖို့ ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူရေး အစီအစဉ်ဟာ သိသိသာသာ အခက်အခဲနဲ့ ကြုံတွေ့နေပါပြီ။ ဘရန့်ဖို့ဒ်အသင်းဆီကို နော်တင်ဟမ် ဖောရက်စ်ကနေ ယိုအန်း ဝစ်ဆာအတွက် ကမ်းလှမ်းမှုအသစ်တစ်ခု ရောက်ရှိလာလို့ပဲ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်က သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမာူ နှစ်ဦးစလုံးကို ဒီနွေရာသီမှာ ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် အမ်ဘူမိုရဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အစီအစဉ်က အခုတော့ လုံးဝမရေမရာ ဖြစ်သွားပါပြီ။ မန်ယူအနေနဲ့ ကင်မရွန်းလက်ရွေးစင် ကစားသမားအတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့်ရတော့မလို ဒါမှမဟုတ် တခြားပစ်မှတ်တွေ ရှာဖွေရတော့မလို ဖြစ်နေပါတယ်။

Photo Credit : TEAMtalk

မန်ယူနိုက်တက်ဟာ ဒီနွေရာသီမှာ အမ်ဘူမိုကို ခေါ်ယူဖို့ အခိုင်အမာ ဆန္ဒရှိနေဆဲဖြစ်ပြီး ဘရန့်ဖို့ဒ်က သူတို့ရဲ့ ကမ်းလှမ်းမှု (၂)ကြိမ်ကို ငြင်းပယ်ထားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မန်ယူဟာ ကင်မရွန်းလက်ရွေးစင်ကို တန်ဖိုးထားပြီး အမေရိကန် ပရီးရာသီကြို ခရီးစဉ်မစခင် အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ မျှော်လင့်နေခဲ့တာပါ။ ဒါပေမဲ့ နည်းပြ ရူဘင် အမ်မိုရမ်ရဲ့ အသင်းထဲကို အမ်ဘူမိုကို ခေါ်ယူမယ့် အစီအစဉ်တွေကို ပျက်စီးစေနိုင်တဲ့ အလှည့်အပြောင်းသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ နော်တင်ဟမ် ဖောရက်စ်ဟာ ထွက်ခွာသွားတဲ့ တောင်ပံကစားသမား အန်တိုနီ အီလန်ဂါနေရာကို အစားထိုးဖို့အတွက် ဝစ်ဆာအတွက် ကမ်းလှမ်းမှုအသစ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကတော့ ဝစ်ဆာနဲ့ အမ်ဘူမို နှစ်ဦးစလုံးကို တစ်ရာသီတည်းမှာ လက်လွှတ်ရမှာကို တွန့်ဆုတ်နေပါတယ်။ တကယ်လို့ ဝစ်ဆာကို ရောင်းချခဲ့ရင် ဘရန့်ဖို့ဒ်က အမ်ဘူမိုကို မန်ယူနိုက်တက်ဆီ ထွက်ခွာခွင့်ကို ပိတ်ပင်နိုင်သလို သူ့ရဲ့ ပြောင်းရွှေ့ကြေးကိုလည်း ထပ်မံ မြှင့်တင်နိုင်ဖွယ်ရှိနေပါတယ်။

Photo Credit : Opta Analyst

ဘရန့်ဖို့ဒ် ဒါရိုက်တာ ဖီးလ် ဂိုင်းလ်စ်ကလည်း မကြာသေးမီက အမ်ဘူမိုဟာ ပြောင်းရွှေ့ဈေးကွက်မှာ လူကြိုက်များကြောင်း ဝန်ခံခဲ့ပေမဲ့ ကလပ်အနေနဲ့ ရောင်းချဖို့ ဖိအားမရှိဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အမ်ဘူမိုဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဆိုပေမဲ့ အသင်းမှာ နောက်တစ်နှစ် ဆက်နေဖို့လည်း ကျေနပ်နေပါတယ်။ ဝစ်ဆာက ထွက်ခွာဖို့ ဆွေးနွေးမှုတွေ ရှိနေတာကြောင့် ဘရန့်ဖို့ဒ်ဟာ အမ်ဘူမိုအတွက် လက်ရှိ ပေါင်(၆၃)သန်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးထက် အများကြီး ပိုပြီး တောင်းဆိုနိုင်ပါတယ်။

မန်ယူနိုက်တက်အနေနဲ့ ဘရန့်ဖို့ဒ်က ဝစ်ဆာရဲ့ အပြောင်းအရွှေ့ကို အတည်ပြုမပေးခင်မှာ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်ဖို့ ဖိအားပေးခံရနိုင်ပါတယ်။ တကယ်လို့ ဖောရက်စ်က ဝစ်ဆာကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ရင် အမ်ဘူမိုရဲ့ အနာဂတ်က Gtech Community Stadium မှာပဲ ရှိနေနိုင်ပြီး မန်ယူအနေနဲ့ တိုက်စစ်ပိုင်းအတွက် တခြားပစ်မှတ်တွေကို ရှာဖွေရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version