မန်ချက်စတာ ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်ဟာ ဘရိုက်တန်ကြယ်ပွင့် ကွင်းလယ်ကစားသမား ကားလို့စ် ဘာလီဘာကို ခေါ်ယူပေးဖို့ အသင်းကို တိုက်တွန်းနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ အလွန်မြင့်မားနေတာကြောင့် ယူနိုက်တက်ဘက်က အခြားရွေးချယ်စရာ ကစားသမားစာရင်းတစ်ခုကိုလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
The Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ တက်တက်ကြွကြွ ကြိုးပမ်းနေပေမယ့် ဘရိုက်တန်အသင်းက သူတို့ရဲ့ ကစားသမားအတွက် ပေါင်သန်း(၁၂၀)အထိ အလိုရှိနေပါတယ်။ ယူနိုက်တက်ဘက်ကတော့ ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)အပြင် နောက်ထပ်ဆုကြေးတွေ ပေါင်းထည့်တဲ့ပုံစံနဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။ ဒီကမ်းလှမ်းမှုထဲမှာ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ထည့်သွင်းကမ်းလှမ်းနိုင်ပေမယ့် ဘရိုက်တန်ဘက်က သူ့ကို စိတ်ဝင်စားဖွယ် မရှိပါဘူး။
Photo Credit : The Mirror
ဘာလီဘာကိုယ်တိုင်ကတော့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက်တော့ လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ တကယ်လို့ ကင်မရွန်းလက်ရွေးစင် ဘာလီဘာကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် ယူနိုက်တက်ရဲ့ အဓိကပစ်မှတ်က ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် အဒမ် ဝါတန် ဖြစ်လာမှာပါ။ ဒါပေမဲ့ အသက်(၂၁)နှစ်အရွယ် ကစားသမားရဲ့ တန်ကြေးက ဘာလီဘာထက်တောင် ပိုများသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ပဲလေ့စ်ဥက္ကဌ စတိဗ် ပဲရစ်ရှ်ဟာ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ နောက်ခံကစားသမား မာ့ခ် ဂူဟီနဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အီဘယ်ရီချီ အီဇေးတို့ကို အပြောင်းအရွှေ့ကာလမပိတ်ခင် လက်လွှတ်ရနိုင်ခြေရှိနေတာကြောင့် ဝါတန်ကို ရောင်းချလိုမှာ မဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြနေပါတယ်။
Photo Credit : Goal
ယူနိုက်တက်ဟာ တခြားရွေးချယ်စရာတွေအဖြစ် စပို့တင်းလစ္စဘွန်းက မော်တန် ဟူးလ်မန်းနဲ့ အတ္တလန်တာက အယ်ဒါဆင်တို့ကိုလည်း စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ဟူးလ်မန်းရဲ့ ကာယကြံ့ခိုင်မှုပိုင်းအပေါ်မှာတော့ အနည်းငယ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ယူနိုက်တက်အသင်းက ဘာလီဘာအတွက် ကြိုးပမ်းမှုကို အရှိန်မြှင့်မလား ဒါမှမဟုတ် အခြားပစ်မှတ်တွေဆီကို အာရုံစိုက်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။