MySport Myanmar

ယူရိုမှာ ခြေစွမ်းပြနေတဲ့ ဆွစ် ကစားသမား အန်ဒိုရီကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ မန်ယူ

ဂျာမနီနိုင်ငံမှာ ကျင်းပလျက် ရှိနေတဲ့ ယူရို-၂၀၂၄ပြိုင်ပွဲမှာ ဆွစ်ဇာလန်အသင်းနဲ့အတူ ခြေစွမ်းပြသလျက် ရှိနေတဲ့ တောင်ပံကစားသမား ဒန် အန်ဒိုရီကို မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ ရှိနေတဲ့အပြင် ဆွေးနွေးမှုတွေနဲ့ပါ လုပ်ဆောင်နေတယ်လို့ အီတလီ အခြေစိုက် Sky Italy ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် ညာတောင်ပံကစားသမား အန်ဒိုရီဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ ဆွစ်ဇာလန်ကလပ် အက်စ်စီ ဘေဆယ်လ်အသင်းကနေ ဘိုလော့ဂ်နာအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ရင်း ဘိုလော့ဂ်နာအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဆွစ်ဇာလန်ရဲ့ ယူရိုပြုင်ပွဲဝင် ကစားသမားစာရင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit : Stretty News

အန်ဒိုရီဟာ ဆွစ်ဇာလန်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စုပွဲ (၃)ပွဲလုံးကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရင်း အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဂျာမနီနဲ့ ပွဲစဉ်မှာပဲ သွင်းဂိုး (၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အန်ဒိုရီက ပွဲစဉ် (၃)ပွဲလုံးမှာလည်း ဆွစ်ဇာလန်အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး လက်ရှိ ယူရို-၂၀၂၄ ပြိုင်ပွဲတစ်လျှောက် တောက်ပနေတဲ့ ကစားသမားတွေထဲမှာလည်း တစ်ယောက်အပါအဝင် ဖြစ်နေပါတယ်။

ဒီလို တောက်ပနေတဲ့ အန်ဒိုရီကို ယူနိုက်တက်အသင်းက စတင် စိတ်ဝင်စားလာခဲ့ပြီး အန်ဒိုရီကို ခေါ်ယူဖို့အတွက် ဘိုလော့ဂ်နာအသင်းထံ ဆက်သွယ်မေးမြန်းမှုတွေလည်း ပြုလုပ်ထားတယ်လို့ အီတလီကနေ သတင်းတွေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : X

အန်ဒိုရီဟာ လက်ရှိ ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အဖွဲ့ ပိုင်ဆိုင်ထားတဲ့ နိုက်စ်အသင်းမှာပါ ပါဝင်ကစားခဲ့ဖူးသူ ဖြစ်တာကြောင့် INEOS တို့ကလည်း သူတို့ကစားသမားဟောင်းကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားချင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အန်ဒိုရီကို ခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းက အခြေအနေ အကောင်းဆုံး ဖြစ်လို့နေပေမယ့်လည်း ယူနိုက်တက်ကလည်း ဆန်ချို ဂရင်းဝုဒ်တို့လို ညာတောင်ပံ ကစားသမားတွေကို ရောင်းချသွားတော့မှာဖြစ်လို့ အန်ဒိုရီကို အင်တာနဲ့အပြိုင် ကြိုးပမ်းသွားဖွယ် ရှိနိုင်ပြီး ကစားသမားဖြစ်သူကတော့ ယူရိုပြိုင်ပွဲပြီးမှသာ သူ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖို့ ရှိနေပါတယ်။

Exit mobile version