MySport Myanmar

နောက်ထပ် အာဆင်နယ် ချာတိတ်လေးတစ်ဦးကို ခေါ်ယူသွားနိုင်တော့မယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနွေမှာပဲ အာဆင်နယ်အသင်းရဲ့ လူငယ် တိုက်စစ်မှူးလေး ချီဒို အိုဘီ မာတင်ကို ခေါ်ယူလိုက်နိုင်ပြီးနောက် အခုလည်း နောက်ထပ် အာဆင်နယ်က ချာတိတ်လေးဖြစ်တဲ့ နောက်ခံကစားသမားလေး အေဒင် ဟေးဗန်းကိုပါ ထပ်မံ ခေါ်ယူနိုင်တော့မယ်လို့ သိရှိရပါတယ်။

အာဆင်နယ် လူငယ်အကယ်ဒမီကနေ အာဆင်နယ် လူငယ်အသင်းမှာ တအားကို ခြေစွမ်းပြသနေတဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး အိုဘီ မာတင်ကို မန်ယူနိုက်တက်အသင်းက အရ ခေါ်ယူနိုင်ခဲ့ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် ဒီရာသီအတွင်းမှာပဲ ယူနိုက်တက်အသင်းကြီးအတွက်ပါ ပွဲကစားခွင့် အနည်းငယ်ပါ ပေးသွားဖို့တောင် ရှိနေပါတယ်။

Photo Credit : Football Transfer

အခုဆိုရင်လည်း ယူနိုက်တက်ဟာ အိုဘီ မာတင်အပြင် နောက်ထပ် အာဆင်နယ် လူငယ်ကစားသမားလေးဖြစ်တဲ့ အသက်(၁၈)နှစ်အရွယ် ခံစစ်ကစားသမားလေး ဟေးဗန်းကိုပါ ထပ်မံ ချဉ်းကပ်လာခဲ့ပြန်ပါတယ်။ အင်္ဂလန် ယူ-၂၁ ကစားသမား ဟေးဗန်းဟာ လက်ရှိမှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးခါနီးနေပြီ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ဇွန်လမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဟေးဗန်းကို အာဆင်နယ်ဘက်က စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုသွားဖို့ ကမ်းလှမ်းထားသလို ဘာစီလိုနာနဲ့ ဖရန့်ဖတ်အသင်းတွေကလည်း ကစားသမားလေးရဲ့ အခြေအနေကို စောင့်ကြည့်နေရင်း ယူနိုက်တက်က ဟေးဗန်းကို ခေါ်ယူဖို့ အလျင်အမြန် လှုပ်ရှားလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်များအရ ယူနိုက်တက်ဟာ ဟေးဗန်းကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာခဲ့ရင်း အခုဆိုရင် ဒီကစားသမားကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်အပြင် ဘာစီလိုနာနဲ့ ဖရန့်ဖတ်အသင်းတွေထက် ယူနိုက်တက်က အခြေအနေအကောင်းဆုံး ဖြစ်နေသလို ခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်မှု ရှိနေပါတယ်။

ပိုပြီး ထူးခြားတာကတော့ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားသွားခဲ့တဲ့ ယူနိုက်တက်နဲ့ ရိန်းဂျားစ်အသင်းတို့ရဲ့ ယူရိုပါလိဂ် league phase ပွဲစဉ်ကိုပါ ဟေးဗန်းက လာရောက် ကြည့်ရှုသွားခဲ့တာကြောင့် ယူနိုက်တက်က အိုဘီ မာတင်အပြင် ဟေးဗန်းကိုပါ အသင်းဆီ အရ ခေါ်ယူနိုင်ဖို့ နီးစပ်လို့နေပြီပဲ ဖြစ်ပါတယ်။

 

Exit mobile version