အင်္ဂလန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီး ကျင်းပနေသလို ချန်ပီယံရှစ် လိဂ်ဝမ်း လိဂ်တူးတို့လို ဒုတိယတန်း တတိယတန်း ပြိုင်ပွဲများ ကျင်းပနေတဲ့အပြင် လူငယ် ကစားသမားတွေ ပါဝင်နေတဲ့ ပရီးမီးယားလိဂ်-၂ နဲ့ ပရီးမီးယားလိဂ် ယူ-၁၈ပြိုင်ပွဲတွေလည်း အမြဲမပြတ် ကျင်းပလို့နေပါတယ်။

၂၀၁၂-၁၃ ဘောလုံးရာသီကနေ စတင်ပြီး ပရီးမီးယားလိဂ် ယူ-၁၈ပြ်ိုင်ပွဲကို စတင် ကျင်းပခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ မန်ချက်စတာ စီးတီး ယူ-၁၈အသင်းက ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ဆုဖလား (၄)ကြိမ်နဲ့ ရပ်တည်လျက် ရှိနေရပါတယ်။

Photo Credit : United in Focus

ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာ လွှမ်းမိုးမှု အများဆုံးဖြစ်တဲ့ မန်စီးတီးအသင်းက ယူ-၁၈ပြိုင်ပွဲမှာပါ နောက်ဆုံး (၃)ရာသီဆက်တိုက်အထိ ဆုဖလားတွေ ဆက်တိုက် ရယူထားနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရပ်တည်မှုအောက်ကို ရောက်ရှိနေရပါတယ်။

ယူနိုက်တက် ယူ-၁၈အသင်းက ပရီးမီးယားလိဂ် ယူ-၁၈ပြိုင်ပွဲမှာ တစ်ကြိမ်တစ်ခါမှ ချန်ပီယံ မဖြစ်သေးပေမယ့်လည်း ဒီရာသီမှာတော့ (၁၂)ပွဲ ကစားထားပြီးချိန်ထိ (၁၂)ပွဲလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိအောင်ပါ အကောင်းဆုံး စွမ်းဆောင်ထားလို့ ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်လာဖို့ အလားအလာ အလွန်ကောင်းနေပါတယ်။

Photo Credit : United in Focus

ပရီးမီးယားလိဂ် ယူ-၁၈ပြိုင်ပွဲက တောင်ပိုင်း နဲ့ မြောက်ပိုင်းဆိုပြီး အုပ်စု (၂)စုကို (၁၃)သင်းစီခွဲပြီး ကျင်းပနေတာဖြစ်ပြီး ယူနိုက်တက် ယူ-၁၈အသင်းကတော့ မြောက်ပိုင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ အခုဆို ယူနိုက်တက် ယူ-၁၈အသင်းက ရာသီဝက်အတွင်း ပွဲစဉ် (၁၂)ပွဲ ကစားပြီးချိန် (၁၂)ပွဲလုံးကို အနိုင်ယူထားခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက် ယူ-၁၈အသင်းက ဒုတိယနေရာက လီဗာပူးလ် ယူ-၁၈အသင်းကို ရမှတ် (၁၂)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပြီး လက်ရှိ ချန်ပီယံ မန်စီးတီး ယူ-၁၈ကိုလည်း (၁)ပွဲအသာ (၁၄)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။