MySport Myanmar

အန်တိုနီအတွက် ယူရိုသန်း(၄၀)မရရင် Plan B စဉ်းစားထားတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ ရီးယဲလ် ဘက်တစ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ တောင်ပံကစားသမား အန်တိုနီအတွက် နွေရာသီ အပြောင်းအရွှေ့ကာလမှာ Plan B တစ်ခု စဉ်းစားထားနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား အန်တိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ယူနိုက်တက်အသင်းကနေ အသင်းဖော် မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့အတူ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ထွက်ခွာခဲ့ရပြီး အခုဆိုရင် အန်တိုနီက ဘက်တစ်အတွက် ပြိုင်ပွဲစုံမှာ (၇)ဂိုး သွင်းယူထားရင်း ခြေစွမ်းပြသထားလျက် ရှိနေပါတယ်။

Photo Credit : Goal

ဘက်တစ်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြန်လည် ပြသထားနိုင်တဲ့ အန်တိုနီကို လက်ရှိမှာ အသက်လက်တီကို မက်ဒရစ် အပါအဝင် ကလပ်အသင်း တချို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပေမယ့် အန်တိုနီအတွက် ယူနိုက်တက်အသင်း အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း(၄၀)နဲ့ ကမ်းလှမ်းသွားဖို့တော့ ဆန္ဒမရှိ ဖြစ်နေပါတယ်။

တကယ်လို့ ယူနိုက်တက်က အန်တိုနီအတွက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးအတိုင်း မရခဲ့ရင်တော့ နောက်ထပ် အငှားချဖို့ကို ခွင့်ပြုပေးလိမ့်မယ်လို့ Relevo က ဖော်ပြထားပါတယ်။ ဒီလို ခွင့်ပြုမယ်ဆိုရင်တော့ ဘက်တစ်အသင်းအနေနဲ့ အန်တိုနီကို လာမယ့် ဘောလုံးရာသီအတွက် တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ အခြေအနေကောင်းနိုင်ပါတယ်။

Photo Credit : Transfermarket

ဘက်တစ်က သူတို့အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အန်တိုနီကို အပြီးသတ် ခေါ်ယူချင်နေပေမယ့်လည်း ခေါ်ယူဖို့ မတက်နိုင်တာကြောင့် အငှားခေါ်ယူမှုနဲ့သာ ထပ်မံ ခေါ်ယူချင်နေပြီး ယူနိုက်တက်ဘက်က တာဝန်ရှိသူတွေနဲ့လည်း ဆက်တိုက် အဆက်အသွယ်လုပ်နေပါတယ်။

ဘက်တစ်အသင်းက ဒီဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမယ်ဆိုရင်တော့ အန်တိုနီကို ဆက်ထိန်းထားဖို့ အားသာချက် ဖြစ်လာနိုင်ပါတယ်။ တစ်ဖက်မှာလည်း အန်တိုနီကိုယ်တိုင်က ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဘရာဇီးလ်အသင်းမှာ ပါဝင်နိုင်ဖို့ ပုံမှန်ပွဲကစားခွင့် ရရှိနိုင်မယ့် အသင်းမျိုးမှာသာ ကစားချင်နေပါတယ်။

Exit mobile version