မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ လုခ်ရှော မာလာစီယာတို့လို ဘယ်ခြမ်းခံစစ် ကစားသမားတွေ ဒဏ်ရာရရှိနေတဲ့ အခြေအနေတွေကြောင့် ဘင်ဖီကာအသင်းဆီ အငှားချထားတဲ့ ဘယ်နောက်ခံကစားသမားလေး အယ်လ်ဗာရို ဖာနန်ဒက်ဇ်ကို အသင်းထံ ပြန်ခေါ်ယူဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ရာသီအစပိုင်းကလည်း ဒီကစားသမားနှစ်ဦးရဲ့ ဒဏ်ရာအခြေအနေတွေကြောင့် စပါး ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို အငှားနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း လုခ်ရှော ပြန်လည် သက်သာလာချိန်မှာတော့ ရယ်ဂီလွန်ကို စပါးအသင်းဆီ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။

Photo Credit : Last Word on Sports

အခု မာလာစီယာက ဒဏ်ရာကနေ လုံးဝ မသက်သာသေးပဲ ဘယ်အတိုင်းအတာလောက်အထိ နားရမလဲ မသိသေးချိန်မှာ လုခ်ရှောကပါ ခြေသလုံး ကြွက်သားဒဏ်ရာ ထပ်မံ ရရှိသွားခဲ့လို့ ဒီရာသီကုန်ဆုံးအထိ အနားယူရနိုင်တဲ့ အခြေအနေပါ ဖြစ်လာချိန် ယူနိုက်တက်အတွက် ထိုးနှက်ချက် ဖြစ်သွားခဲ့ရပါတယ်။

ဘယ်ခြမ်းအတွက် ဒါလော့ကို ထားသုံးဖို့ဆိုရင် ညာခြမ်းမှာ ဝမ်ဘစ်ဆာခါ ရှိနေဖို့ လိုပြီး ဘစ်ဆာခါကိုယ်တိုင်ပါ ဒဏ်ရာရနေတာကြောင့် လတ်တလောမှာတော့ လင်ဒီလော့ဖ်နဲ့ ဘယ်ခြမ်းကို အစားထိုးထားရပါတယ်။ ဒါပေမယ့် လင်ဒီလော့ဖ်က ဘယ်ခြမ်းခံစစ်မှာ ဘယ်လိုမှ အဆင်မပြေ ဖြစ်နေရပါတယ်။

Photo Credit : beIN SPORTS

ဒါကြောင့် ယူနိုက်တက်အနေနဲ့ left-back နေရာအတွက် လူငယ် ကစားသမားတချို့ကို အသင်းမှာ နေရာပေးမလား ဒါမှမဟုတ် လင်ဒီလော့ဖ်ကိုပဲ ဆက်သုံးမလား အမ်မရာဘတ်ကို ဘယ်ခြမ်းပို့မလားဆိုတာတွေက စဉ်းစားစရာ options တွေ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီရာသီမှာ ဂရန်နာဒါ နဲ့ ဘင်ဖီကာအသင်းတို့ဆီ အငှားချထားခဲ့တဲ့ စပိန် ဘယ်နောက်ခံလူ အယ်လ်ဗာရို ဖာနန်ဒက်ဇ်ကို recall ပြန်လည် ခေါ်ယူမလားဆိုတာကလည်း နောက်ထပ် စဉ်းစားစရာ option တစ်ခု ဖြစ်လာရပါတယ်။ ဒါပေမယ့် အပြီးသတ် ခေါ်ယူခွင့်နဲ့ပါ အငှားချထားတဲ့ ဒီကစားသမားလေးကို အသင်းထံ recall ပြန်ခေါ်နိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်သွားရပါမယ်။