MySport Myanmar

ကူဘိုကို တစ်ပတ်လုပ်ခ (၇)ဆလောက်ထိ တိုးပေးပြီး ကမ်းလှမ်းသွားမယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ ဂျပန် ညာတောင်ပံ ကစားသမားလေး တာကီဖူဆာ ကူဘိုကို ခေါ်ယူသွားဖို့အတွက် ကူဘို လက်ရှိ ရရှိနေတဲ့ တစ်ပတ်လုပ်ခရဲ့ (၇)ဆလောက်အထိ တိုးမြှင့် ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်က လက်ရှိ အသင်းရဲ့ ညာတောင်ပံ ကစားသမား အန်တိုနီရဲ့ ခြေစွမ်းပိုင်းတွေကို သဘောမကျလာခဲ့တာကြောင့် သူ့နေရာမှာ နောက်ထပ် right winger တစ်ဦးနဲ့ အစားထိုးသွားဖို့အတွက် ကူဘို နဲ့ ရာဖင်ဟာတို့ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Forbes

လက်ရှိမှာတော့ ယူနိုက်တက်အသင်းက ဂျပန် လက်ရွေးစင် တောင်ပံကစားသမားလေး ကူဘိုနဲ့ အပြောင်းအရွှေ့သတင်းတွေ ပိုမို ထွက်ပေါ်လျက် ရှိနေပြီး အခုဆိုရင်လည်း ဆိုစီဒက်မှာ ကူဘို ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်(၃၃၀၀၀)ရဲ့ (၇)ဆလောက်အထိ တိုးပေးကာ ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ Daily Express က ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၂)နှစ်သာ ရှိနေသေးတဲ့ ကူဘိုဟာ ညာတောင်ပံနေရာ နဲ့ ကွင်းလယ်တိုက်စစ် နေရာတို့မှာ ပါဝင် ကစားနိုင်တဲ့ အရည်အသွေးမြင့် အာရှ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ဒီရာသီမှာလည်း ဆိုစီဒက်အသင်းအတွက် အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ပြသထားပါတယ်။

Photo Credit : The Sun

ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက်လည်းဖြစ် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လူငယ် ကစားသမားဟောင်းလည်းဖြစ်တဲ့ ကူဘိုဟာ လက်ရှိမှာတော့ ဆိုစီဒက်အတွက် ပွဲပေါင်း (၆၇)ပွဲကစား (၁၅)ဂိုးသွင်း (၁၃)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲတိုင်းလိုလိုမှာ ပါဝင်ကစားနေရပါတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေနဲ့ ပြည့်နက်နေတဲ့ အာရှ ကြယ်ပွင့်လေး ကူဘိုကို သူ့အသင်းဟောင်းတွေဖြစ်တဲ့ ရီးယဲလ် ဘာစီလိုနာတို့နဲ့အပြိုင် မန်ယူနိုက်တက်ကလည်း စိတ်ဝင်စားလျက် ရှိနေပြီး သူရဲ့ လက်ရှိ တန်ကြေးကလည်း ယူရို သန်း(၆၀)သာ ရှိနေတဲ့အတွက် ယူနိုက်တက်က ဒီဆောင်းဈေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှု လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

Exit mobile version