မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလ ဆောင်းဈေးကွက်အတွင်းမှာ ဘယ်နောက်ခံနေရာအတွက် ကစားသမားသစ် တစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖို့ ရှိနေရာ လက်ရှိမှာတော့ လက်ချီအသင်းက ဒိန်းမတ် ဘယ်နောက်ခံက ကစားသမားလေး ပက်ထရစ် ဒေါ့ဂူးကို အရ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်က ဘယ်ခြမ်းခံစစ်နေရာအတွက် ဘုန်းမောက် ဘယ်နောက်ခံလူ မီလိုစ် ကာကက်ဇ်နဲ့ ပီအက်စ်ဂျီက နူနို မန်ဒက်စ်တို့ကို ပစ်မှတ်ထားနေပေမယ့် ဒီကစားသမားတွေကို အခုဈေးကွက်ထဲမှာပဲ ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး အလွန်များပြားနေနိုင်ပါတယ်။

Photo Credit : Transfermarket

ဒါ့အပြင် ယူနိုက်တက်က အခုဈေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ဘဏ္ဍာရေး အခက်အခဲကလည်း ရှိနေတဲ့အတွက် အသင်းက ကစားသမားတချို့ကို ရောင်းချပြီးမှသာ ကစားသမားတွေကို ပြန်လည် ခေါ်ယူလို့ရနိုင်မှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က အသင်းရဲ့ ဘယ်နောက်ခံနေရာအတွက် ကစားသမားသစ် ဖြည့်တင်းချင်နေပြီး ဒီနေရာအတွက် အမော်ရင် စိတ်ကြိုက် ဖြစ်နေရတဲ့ ကစားသမားကတော့ အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ လက်ချီ ဘယ်နောက်ခံလူ ဒေါ့ဂူး ဖြစ်ပါတယ်။

Photo Credit : ESPN

ဒိန်းမတ်-နိုင်ဂျီးရီးယား နွယ်ဖွား ဒေါ့ဂူးဟာ ဘယ်နောက်ခံလူတစ်ဦး ဖြစ်ပေမယ့် left wing-back ရော left midfielder တွေသာမကပဲ ညာအစွန်ပါထွက်ပြီး ညာတောင်ပံနဲ့ ညာနောက်ခံလူနေရာတွေအထိပါ နေရာအစုံထိ ကစားနိုင်သူ ဖြစ်ပါတယ်။ မနှစ်က ရာသီကမှ လက်ချီနဲ့အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ထားခဲ့တဲ့ ဒေါ့ဂူးဟာ အခုတော့ ဒိန်းမတ်လက်ရွေးစင်မှာပါ (၄)ပွဲအထိ ကစားခွင့် ရထားပါသေးတယ်။

ဒီရာသီမှာလည်း လက်ချီအသင်းအတွက် နေရာအစုံ လိုက်လံကစားထားတဲ့ ဒေါ့ဂူးဟာ လက်ချီအတွက်လည်း (၃)ဂိုးအထိ သွင်းယူထားပြီး လွန်ခဲ့တဲ့ လအနည်းလောက်ကတည်းက ယူနိုက်တက် ကင်းထောက်တွေဟာ ဒေါ့ဂူးရဲ့ ခြေစွမ်းတွေကို လေ့လာနေသလို နာပိုလီကလည်း ဒီကစားသမားလေးကို စိတ်ဝင်စားလျက် ရှိနေပါတယ်။