မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား အန်တိုနီ မာရှယ်က လာမယ့် ဇန်နဝါရီလ ဆောင်းဈေးကွက်အတွင်းမှာပဲ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနိုင်တယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

လိုင်ယွန် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူ တိုက်စစ်မှူး မာရှယ်ဟာ ယူနိုက်တက်အသင်းဆီကို ၂၀၁၅ခုနှစ်ကတည်းက မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာ မကြာခဏ ရရှိခြင်း ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် ပွဲကစားခွင့်တွေပါ နည်းပါးနေရတာ ဖြစ်ပါတယ်။

Photo Credit : ESPN

လက်ရှိ ယူနိုက်တက်ရဲ့ တိုက်စစ်မှာ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းက အသင်းရဲ့ ဦးစားပေး အထောင် တိုက်စစ်မှူး ဖြစ်နေရပြီး မာရှယ်ကတော့ ယူနိုက်တက်မှာ back-up striker အဖြစ်နဲ့သာ ကစားနေရပါတယ်။

အသက် (၂၇)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အလွတ်နဲ့ လက်မလွတ်ရခင်မှာပဲ cut-price တန်ကြေးနဲ့ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။

Photo Credit : Manchester Evening News

ဒါပေမယ့် မာရှယ်ရဲ့ စာချုပ်ထဲမှာ တစ်နှစ် ထပ်တိုးခွင့်လည်း ပါရှိနေသေးတာကြောင့် ယူနိုက်တက်ဘက်က ဒီ option ကို အသုံးပြုပြီး မာရှယ်ရဲ့ တန်ကြေးကို မြင့်တင်ဖွယ်လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က မာရှယ်ကို ရောင်းချလိုက်ပြီဆိုရင် ဟွိုင်လန်းရဲ့ အရန်အတွက် တိုက်စစ်မှူးတစ်ဦး ပြန်လည် ခေါ်ယူသွားရနိုင်ပါတယ်။

ယူနိုက်တက်က တိုက်စစ်ထက် ခံစစ်ပိုင်းကို ပိုမို အားဖြည့်ဖို့က လိုအပ်လို့နေပြီး ခံစစ်အတွက် တိုဒီဘို တက်ဘိုဆာ နဲ့ အန်တိုနီယို ဆေးလ်ဗားတို့ကို ပစ်မှတ်ထားလို့နေပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ လာမယ့် ဆောင်းဈေးကွက်မှာ အသင်းရဲ့ ဘယ်နေရာတွေအတွက် အားဖြည့်မှုတွေ လုပ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေရပါတယ်။