MySport Myanmar

ဆောင်းဈေးကွက်မှာ အဲရစ်ဆင်ကိုပါ ရောင်းထုတ်သွားဖို့ စီစဉ်နေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ အသင်းက ကစားသမားတချို့ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေရာ အသင်းရဲ့ အရောင်းစာရင်းထဲမှာ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်ပါ ပါဝင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းက လာမယ့် ဈေးကွက်ထဲမှာ အသင်းအတွက် ကစားသမား ဖြည့်တင်းမှုကိုရော ကစားသမား ရောင်းချမှုတွေကိုပါ လုပ်ဆောင်သွားဖို့ ရှိနေပြီး ကစားသမား ရောင်းချမှုကိုတော့ ပိုမို လုပ်ဆောင်သွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : beIN SPORTS

ယူနိုက်တက် ရှင်းထုတ်မယ့် ကစားသမားတွေထဲမှာ ဒီနောက်ပိုင်း တောက်လျှောက် ချန်လှပ်ခံနေရတဲ့ ဗာရန်း ၊ မကြာခဏ ဒဏ်ရာရနေတက်တဲ့ ကက်စီမဲရိုးနဲ့ ကြံခိုင်မှု မပြည့်ဝလို့ ပွဲချိန်ပြည့် ကစားဖို့ မလွယ်ကူတော့တဲ့ အဲရစ်ဆင်တို့ ပါဝင်လျက် ရှိနေသလို ဆန်ချို မာရှယ်တို့ရဲ့အနာဂတ်တွေကလည်း မရေမရာ ဖြစ်လာပါတယ်။

အသက် (၃၁)နှစ်အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ၂၀၂၂ခုနှစ်ကမှ ဘရန့်ဖို့ဒ်ကနေ မန်ယူနိုက်တက်အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ (၅၉)ပွဲအထိ ပါဝင်ကစားထားခဲ့ပါတယ်။

Photo Credit : Football Transfer

ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမား အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် ဥရောပ ကလပ်အသင်းတွေထက် ဆော်ဒီကလပ်အသင်းတွေက စိတ်ဝင်စားနေပြီး လက်ရှိမှာတော့ ဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ်အစ်တီဖာအသင်းက အဲရစ်ဆင်ကို စိတ်အဝင်စားဆုံး ဖြစ်နေပါတယ်။

ဒါ့အပြင် အဲရစ်ဆင်ရဲ့ ယူနိုက်တက်အသင်းဖော်တွေဖြစ်သော ဗာရန်း နဲ့ ကက်စီမဲရိုးတို့ကိုလည်း ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေကြတာဖြစ်လို့ ရော်နယ်လ်ဒို တဲလက်စ်တို့လို အသင်းဖော်ဟောင်းတွေ ရှိရာ ဆော်ဒီလိဂ်ဆီ အဲရစ်ဆင် ဗာရန်း ကက်စီမဲရိုးတို့ပါ ထပ်မံ ရောက်ရှိသွားမလား စောင့်ကြည့်ရပါတော့မယ်။

Exit mobile version