လာမယ့်နွေမှာ တိုက်စစ်ပိုင်း အားဖြည့်ဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို ပစ်မှတ်ထားနေတဲ့အပြင် အခုလည်း ခရစ္စတယ် ပဲလေ့စ်ရဲ့ ဂျင်း ဖိလစ် မာတေတာပါ ချိန်ရွယ်လာပြီး နွေရာသီမှာ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီပြင်သစ် တိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် ရွေးချယ်စရာတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေက ယူနိုက်တက်အသင်း ကင်းထောက်တွေရဲ့ အာရုံကို ဖမ်းစားခဲ့ပါတယ်။ ဒီရာသီအစကတည်းက မာတေတာဟာ အံ့မခန်း ခြေစွမ်းပြခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၈)ပွဲမှာလည်း (၈)ဂိုး သွင်းယူခဲ့ပါတယ်။

Photo Credit : Goal

တကယ်တော့ ယူနိုက်တက်က ယိုကယ်ရက်စ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် ဒီဆွီဒင် ကစားသမားကို ခေါ်ယူဖို့က ခက်ခဲနိုင်သလို သူကိုယ်တိုင်ကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရတဲ့ အသင်းတစ်သင်းဆီကိုသာ ပြောင်းရွှေ့ဖို့ ပိုနှစ်သက်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပါသေးတယ်။ ဒါကြောင့် ယိုကယ်ရက်စ်ထက် တခြား တိုက်စစ်မှူးကိုသာ ယူနိုက်တက်က ပြောင်းလဲ ချိန်ရွယ်လာခဲ့ပါတယ်။

ယူနိုက်တက်က တိုက်စစ်ပိုင်းအတွက် ချိန်ရွယ်နေတဲ့ ကစားသမားတွေထဲမှာ အသက်(၂၇)နှစ်အရွယ် မာတေတာလည်း အပါအဝင် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ကတည်းက ပဲလေ့စ်ဆီ ရောက်ရှိနေတဲ့ မာတေတာဟာ ဒီရာသီမှာ ပဲလေ့စ်အတွက် ပြိုင်ပွဲစုံ (၁၅)ဂိုးအထိ သွင်းယူထားခဲ့ပြီး သူ့ကို ဘာစီလိုနာနဲ့ အသက်လက်တီကိုတို့လို အသင်းတွေကပါ စိတ်ဝင်စားနေကြတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပဲလေ့စ်ဘက်ကတော့ သူတို့ကစားသမားအတွက် ပေါင်သန်း(၅၀)လောက်အထိ တောင်းဆိုလာနိုင်ပါတယ်။

Photo Credit : Goal

ယူနိုက်တက်ဟာ ၂၀၂၃ခုနှစ်က ရတ်စ်မတ် ဟွိုင်လန်းအတွက် ပေါင်(၇၂)သန်းထိ ရင်းနှီးမြှုပ်နှံခဲ့ပေမယ့် ဒိန်းမတ် တိုက်စစ်မှူးဟာ ပြိုင်ပွဲအားလုံး ပါဝင်ကစားခဲ့တဲ့ (၇၈)ပွဲမှာ (၂၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနွေမှ ပေါင်(၃၆.၅)သန်းနဲ့ ရောက်လာခဲ့တဲ့ ဂျိုရှူအာ ဇာ့ခ်ဇီးကလည်း ရောက်လာကတည်းက (၄၁)ပွဲမှာ (၆)ဂိုးသာ သွင်းယူထားပြီး တိုက်စစ်ပိုင်းအတွက် အကျိုးသက်ရောက်မှု ဖြစ်စေဖို့ ရုန်းကန်နေရပါတယ်။

ဒါ့အပြင် ယူနိုက်တက်က ဒီရာသီမှာ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၀) အောက်ပိုင်းမှာ ရပ်တည်နေရသလို ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်ကလည်း ဒီရာသီ ယူနိုက်တက်အတွက် တစ်ခုတည်းသော ဖလားမျှော်လင့်ချက်ပါ ဖြစ်နေပါတယ်။