ချယ်လ်ဆီးအသင်းနဲ့ နှစ်ဦးသဘောတူ လက်တွဲဖြုတ်လိုက်တဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကို မန်ချက်စတာ ယူနိုက်တက်အသင်းက သူတို့နည်းပြ အဲရစ် တန်ဟက်ဂ်နေရာမှာ အစားထိုးသွားဖို့အတွက် စဉ်းစားလာဖွယ် ရှိနိုင်တယ်လို့ သတင်းတွေ အတော်လေး ထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အိုလေ ဂန်နာ ဆိုးလ်ရှားနဲ့ လက်တွဲဖြုတ်ပြီး ရန်းနစ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးပြီးချိန်မှာ နည်းပြသစ်ရာထူးအတွက် တန်ဟက်ဂ်နဲ့ ပိုချက်တီနိုတို့ နှစ်ဦးထဲကမှ တန်ဟက်ဂ်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ပိုချက်တီနိုကတော့ ၂၀၂၃ နွေမှသာ ချယ်လ်ဆီးနည်းပြ ရာထူးကို လက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Football365

တကယ်တော့ တန်ဟက်ဂ်ထက် ပိုချက်တီနိုရဲ့ နည်းပြအတွေ့အကြုံက ပိုမို များပြားလို့နေပြီး စပါး ဆောက်သမ်တန်တို့နဲ့လည်း ပရီးမီးယားလိဂ်မှာ ကောင်းကောင်း ကျင်လည်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီလို ကြယ်ပွင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းကြီးကိုလည်း ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ပိုချက်တီနိုဟာ အခု ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ (၂၅)%ကို ပိုင်ဆိုင်ထားတဲ့ ဆာဂျင်ရက်ကလစ်ဖ်တို့ရဲ့ INEOS အဖွဲ့နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးသလို ဆာဂျင်တို့က သူတို့ အပိုင်ဖြစ်တဲ့ နိုက်စ်အသင်းရဲ့ နည်းပြသစ် ရှာဖွေရာမှာလည်း ပိုချက်တီနိုနဲ့ ဆွေးနွေးခဲ့ဖူးပါသေးတယ်။

Photo Credit : Football365

ဒါ့အပြင် မန်ယူနိုက်တက်အသင်းဟာလည်း နည်းပြသစ် ရှာပုံတော်ဖွင့်တိုင်းလိုလို ပိုချက်တီနိုကို သူတို့ရဲ့ shortlist ထဲမှာ အမြဲ ထည့်သွင်းထားခဲ့ဖူးတာကြောင့် တကယ်လို့ လက်ရှိနည်းပြ တန်ဟက်ဂ်နဲ့သာ လက်တွဲဖြုတ်ခဲ့မယ်ဆိုရင် ပိုချက်တီနိုက ယူနိုက်တက်နည်းပြသစ်ပါ ဖြစ်လာနိုင်ခြေ များနေရပါတယ်။

တန်ဟက်ဂ်အနေနဲ့ကတော့ ဒီရာသီရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲကို ကိုင်တွယ်သွားပြီးနောက် အဲ့ဒီပွဲရလဒ်က သူ့အနာဂတ်အပေါ် များစွာ ရိုက်ခတ်လာနိုင်တယ်လို့ သုံးသပ်ထားကြပြီး တချို့ကလည်း ဘယ်လိုရလဒ်ပဲထွက်ထွက် ယူနိုက်တက်ဘက်က တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။