မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ကွင်းလယ်ပိုင်း အားဖြည့်တင်းဖို့အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက် စပါးအသင်းရဲ့ ဒိန်းမတ် ကွင်းလယ်လူ ဟွိုင်းဘယက်ကိုပါ ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။
ကွင်းလယ်အတွက် ချယ်လ်ဆီး ကွင်းလယ် ကစားသမား မေဆန်မောင့်ကို ခေါ်ယူထားခဲ့ပေမယ့်လည်း မောင့်က ယူနိုက်တက်မှာ လုံးဝ အံ့ဝင်ခွင်ကျ ဖြစ်မနေသေးတဲ့အပြင် ဒဏ်ရာကြောင့် ရက်သတ္တပတ်ပေါင်းများစွာ အနားယူရတော့မှာဖြစ်လို့ ဈေးကွက်မပိတ်ခင်အတွင်း နောက်ထပ် ကွင်းလယ်လူတစ်ဦးကို ယူနိုက်တက်က အလိုရှိလာခဲ့ပါတယ်။
Photo Credit : This is Futbol
ကွင်းလယ်ခံစစ် နေရာအတွက် ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ယူနိုက်တက်က ဖီအိုရင်တီးနားရဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖန် အမ်မရာဘတ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားခဲ့ပေမယ့်လည်း အခုထိကို တရားဝင် ကမ်းလှမ်းမှု မပြုလုပ်သေးတာကြောင့် ဒီအခြေအနေကို အမ်မရာဘတ်ရဲ့ အေးဂျင့်ဖြစ်သူကပါ စိတ်ပျက်နေရပါတယ်။
ဒီအချိန်မှာပဲ ယူနိုက်တက်က ဘိုင်ယန်မြူးနစ်ရဲ့ နယ်သာလန် ကွင်းလယ်လူ ဂရာဗန်ဘတ်နဲ့ သတင်းထွက်လာခဲ့သလို စပါး ကွင်းလယ်လူ ဟွိုင်းဘယက်နဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ရပါတယ်။
Photo Credit : The Times
ဟွိုင်းဘယက်က ဒီနွေမှာ စပါးအသင်းကနေ သေချာပေါက် ထွက်ခွာတော့မယ့် ကစားသမားဖြစ်ပြီး စပါးကလည်း ဟွိုင်းဘယက်ကို အသက်လက်တီကိုအသင်းဆီ ပေါင် သန်း(၃၀)နဲ့ ရောင်းချဖို့ သဘောတူညီပြီးမှ ကစားသမားနဲ့ သဘောတူညီမှု မရရှိခဲ့လို့ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။
အခုလက်ရှိမှာလည်း နွေဈေးကွက်က ပိတ်ချိန်ရောက်လာပြီမို့ ဟွိုင်းဘယက်ရဲ့ အေးဂျင့်တွေက ကွင်းလယ်လူတစ်ဦး လိုအပ်နေတဲ့ ယူနိုက်တက်ကို ဆက်သွယ်လာခဲ့သလို ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ်မှာ အံ့ဝင်ပြီးသား ကစားသမားဖြစ်တဲ့ ဟွိုင်းဘယက်ကို ခေါ်ယူဖို့ စဉ်းစားလာခဲ့ပါတယ်။