MySport Myanmar

နည်းပြ တန်ဟက်ဂ်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့အတူ လာမယ့် ဘောလုံးရာသီသစ်ကို ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ထားတဲ့အပြင် တန်ဟက်ဂ်ကို စာချုပ်သစ် ကမ်းလှမ်းမှုပါ လုပ်ဆောင်ထားခဲ့ရာ တန်ဟက်ဂ်ဘက်ကလည်း စာချုပ်သစ် ကမ်းလှမ်းချက်ကို လက်ခံထားပြီး မကြာခင်မှာပဲ အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ ၂၀၂၂ခုနှစ်ကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီး သူရဲ့ ယူနိုက်တက် နည်းပြဘဝ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် လိဂ်ဖလားနဲ့ ချနန်ပီယံလိဂ်ဝင်ခွင့် ရယူပေးခဲ့ပြီး ဒုတိယရာသီမှာလည်း အက်ဖ်အေဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် တန်ဟက်ရဲ့ ဒုတိယရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်က အက်ဖ်အေဖလား ဆွတ်ခူးနိုင်တာကလွဲပြီး ပရီးမီးယားလိဂ်မှာ အဆင့်(၈)နေရာသာ ရရှိခဲ့သလို ချန်ပီယံလိဂ်မှာလည်း အုပ်စုအဆင့်နဲ့ပဲ လှည့်ပြန်ခဲ့ရပါတယ်။ ဒီလို အခြေအနေဆိုးတွေကြောင့် ပြီးခဲ့တဲ့ရာသီမှ အသင်းနဲ့ ပူးပေါင်းဖြစ်ခဲ့တဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS တို့က တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖို့အထိပါ စဉ်းစားလာခဲ့ပါတယ်။

ဒါကြောင့်လည်း တန်ဟက်ဂ် အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချခင်မှာပဲ INEOS တို့ဘက်က ပိုချက်တီနို တူဟယ်လ် အစရှိတဲ့ နည်းပြတွေနဲ့ ဆွေးနွေးခဲ့ပေမယ့်လည်း နောက်ဆုံးတော့ အသင်းကို (၂)ရာသီအတွင်း လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ရယူပေးခဲ့တဲ့ တန်ဟက်ဂ်ကိုပဲ အသင်းမှာ ဆက်လက် ထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Photo Credit : GiveMeSports

တန်ဟက်ဂ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာမို့ လာမယ့် ဘောလုံးရာသီ ပြီးဆုံးတာနဲ့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် INEOS တို့ဘက်က တန်ဟက်ဂ်ကို ယူနိုက်တက်နည်းပြအဖြစ် လာမယ့်နှစ်အနည်းငယ်လောက်အထိ တာဝန်ပေးသွားချင်တာကြောင့် စာချုပ်သစ်တစ်ရပ်ပါ ကမ်းလှမ်းထားပါသေးတယ်။

တန်ဟက်ဂ်ကလည်း ယူနိုက်တက်နဲ့ ဆက်လက် လက်တွဲသွားဖို့အတွက် ဆန္ဒရှိနေတဲ့အပြင် INEOS တို့ကပါ ကစားသမားဟောင်းကြီး ရုဒ် ဗန် နစ္စတဲလ်ရွိုင်းနဲ့ နယ်သာလန်ကလပ် ဂိုးအဟတ်အီးဂဲလ် အသင်းနည်းပြ ရီနေး ဟက်ခ်တို့ကို တန်ဟက်ဂ်ရဲ့ နည်းပြအဖွဲ့ဝင်သစ်တွေအဖြစ် ခန့်အပ်ပေးသွားဖို့လည်း အလွန် နီးစပ်နေပြီ ဖြစ်ပါတယ်။

Exit mobile version