မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ ဘယ်ခြမ်းခံစစ်နေရာကို ကစားသမားကောင်းတစ်ဦးနဲ့ ဖြည့်တင်းသွားဖို့ ရှိနေပြီး ဘိုင်ယန်မြူးနစ် နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်အပြင် အခု အေစီမီလန်ရဲ့ ဘယ်နောက်ခံကစားသမား သီအို ဟာနန်ဒက်ဇ်ကိုပါ ပစ်မှတ်ထားလာခဲ့ပြန်ပါတယ်။
ယူနိုက်တက်ဟာ အသင်းရဲ့ ဘယ်ခံစစ်အပိုင်းမှာ လုခ်ရှောနဲ့ မာလာစီယာတို့ ရှိနေပေမယ့် ဒီကစားသမား နှစ်ဦးလုံးက ဒဏ်ရာ ပြဿနာတွေကြောင့် အနားယူနေရသလို အဓိက ဘယ်နောက်ခံလူ လုခ်ရှောဆိုရင်လည်း မကြာခဏ ဒဏ်ရာတွေ ရနေတက်လို့ ညာနောက်ခံလူ ဒါလော့ကိုသာ ဘယ်ခြမ်းမှာ အသုံးပြုနေရပါတယ်။
Photo Credit : TEAMtalk
ဒါလော့ရဲ့ စွမ်းဆောင်ရည်တွေကလည်း မတည်ငြိမ်သလို ဖြစ်နေတဲ့အပြင် လုခ်ရှောနဲ့ မာလာစီယာတို့ရဲ့ fitness ပိုင်းတွေကပါ စိတ်မချရတဲ့ အနေအထား ဖြစ်နေလို့ ယူနိုက်တက်အနေနဲ့ လာမယ့်နွေမှာပဲ ဘယ်နောက်ခံနေရာအတွက် ထိပ်တန်း ဘယ်နောက်ခံလူတစ်ဦးကို ဦးစားပေး ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။
ယူနိုက်တက်က ကနဦးတုန်းက ဘိုင်ယန်မြူးနစ်ရဲ့ ကနေဒါ ဘယ်နောက်ခံကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို စိတ်ဝင်စားလို့နေပြီး ဒီကစားသမားက အခုနှစ် ဘောလုံးရာသီအကုန်မှာ ဘိုင်ယန်နဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်လို့ ဘိုင်ယန်ကလည်း ဒေးဗီစ်ကို စာချုပ်သက်တမ်းတိုးချင်နေသလို ရီးယဲလ်ကလည်း အတော်လေး စိတ်ဝင်စားနေပါတယ်။
Photo Credit : Transfermarket
လက်ရှိ အခြေအနေတွေအရ ဒေးဗီးစ်ဟာ ဘိုင်ယန်နဲ့ သက်တမ်းတိုးဖို့နဲ့ သက်တမ်းမတိုးဖြစ်ရင်တောင် ယူနိုက်တက်ထက် ရီးယဲလ်ဆီကိုသာ ပြောင်းရွှေ့ဖို့ များနေတာကြောင့် ယူနိုက်တက်က ဒေးဗီးစ်အပြင် မီလန် ဘယ်နောက်ခံလူ သီအို ဟာနန်ဒက်ဇ်ကိုပါ စတင် ချိန်ရွယ်လာခဲ့ပါတယ်။
အသက် (၂၇)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဘယ်နောက်ခံလူ ဟာနန်ဒက်ဇ်က ၂၀၁၉ကတည်းက မီလန်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အခုဆိုရင် မီလန်အတွက် မရှိမဖြစ် အလွန်အရေးပါတဲ့ ကစားသမား ဖြစ်နေသလို သူ့ကိုလည်း ဥရောပထိပ်သီး ကလပ်တွေက အပြိုင်စိတ်ဝင်စားနေကြပါတယ်။ ဟာနန်ဒက်ဇ်က မီလန်နဲ့ ၂၀၂၆အထိသာ သက်တမ်းရှိတော့တာဖြစ်လို့ စာချုပ်သစ်ကိစ္စသာ အဆင်မပြေ ဖြစ်လာမယ်ဆိုရင် ယူနိုက်တက်အပြင် ကလပ်အသင်းများစွာက ဟာနန်ဒက်ဇ်ကို ရဖို့ အပြိုင် ကြိုးပမ်းလာနိုင်ပါတယ်။