မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင် သူ့နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် နည်းပြ ဇီဒန်းကို ထပ်မံ ပစ်မှတ်ထားသွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်အသင်းက ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရသလို ဒီရာသီမှာလည်း ပြိုင်ပွဲစုံ (၁၅)ပွဲထိ ကစားထားပြီးချိန် ရှုံးပွဲအရေအတွက်က (၈)ပွဲအထိတောင် ရှိနေရတဲ့အပြင် လိဂ်ဖလား ပြိုင်ပွဲမှာလည်း (၂)ပွဲသာ ကစားထားရပြီး ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။

Photo Credit : TEAMtalk

ဒီအခြေအနေမှာ ယူနိုက်တက် ဘုတ်အဖွဲ့ဝင်တွေက နည်းပြ တန်ဟက်ဂ်အပေါ် ထောက်ခံမှုတွေ ရှိနေပေမယ့်လည်း အသင်းရလဒ်တွေ ဆက်တိုက် ဆိုးရွှားနေဦးမယ်ဆိုရင်တော့ နည်းပြ အပြောင်းအလဲကို သေချာပေါက် လုပ်ဆောင်လာနိုင်ပါတယ်။

တကယ်လို့ တန်ဟက်ဂ်နဲ့သာ လက်တွဲဖြုတ်ခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်က ရီးယဲလ်မက်ဒရစ် နည်းပြဟောင်းလည်းဖြစ် လက်ရှိအချိန်ထိ အသင်းလက်မဲ့လည်း ဖြစ်နေတဲ့ နည်းပြ ဇီဒန်းကို ဦးစားပေး ပစ်မှတ်ထားလိမ့်မယ်လို့လည်း သတင်း တော်တော်များများမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ အစောပိုင်းကာလတွေကတည်းက အသင်းနည်းပြ ရာထူးအတွက် ဇီဒန်းကို ပစ်မှတ်ထားခဲ့ဖူးသလို အခုလည်း ထပ်မံ ပစ်မှတ်ထားလာခဲ့ပါတယ်။ စပို့တင်းနည်းပြ အမ်မိုရင်မ်ကိုလည်း ပစ်မှတ်ထားနေပေမယ့် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇီဒန်းလို နည်းပြမျိုးက ကမ်းလှမ်းရာ ပိုမို လွယ်ကူနိုင်ဖွယ် ရှိနေပါတယ်။

ဇီဒန်းဟာ ရီးယဲလ်အသင်းကို နှစ်ကြိမ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး သူ ပထမဆုံးအကြိမ် ရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့တုန်းက အသင်းအတွက် ချန်ပီယံလိဂ်ဖလားကို (၃)ရာသီဆက်တိုက်အဖြစ် စံချိန်တင် ရယူပေးထားနိုင်ခဲ့ပါတယ်။