မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကွင်းလယ်ကစားသမား အိန်ဂျယ် ဂိုးမက်စ်ကို လိုင်လီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်လူ ဂိုးမက်စ်ဟာ အသက် (၆)နှစ်သား အရွယ်ကတည်းက ယူနိုက်တက် လူငယ်အကယ်ဒမီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၆-၁၇ ဘောလုံးရာသီမှာ အကောင်းဆုံး လူငယ် ကစားသမားဆု ရရှိခဲ့ပြီးတဲ့နောက် ၂၀၁၇မှာပဲ အသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။

Photo Credit : BeSoccer

လူကောင်သေးသလောက် ကွင်းလယ်နေရာအစုံမှာ ကစားနိုင်တက်တဲ့ ဂိုးမက်စ်ဟာ ယူနိုက်တက် စီနီယာအသင်းကြီးအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၀)ပွဲသာ ကစားပေးခဲ့ရရင်း နောက်ဆုံးတော့ အသင်းနဲ့ပါ စာချုပ်သက်တမ်းက ကုန်ဆုံးသွားခဲ့ပါတယ်။ အသင်းလက်မဲ့ ဖြစ်သွားတဲ့ ဂိုးမက်စ်ကို လိုင်လီက အလွတ်နဲ့ ခေါ်ယူခဲ့ပါတယ်။

လိုင်လီမှာတော့ ဂိုးမက်စ်က သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ချပြနိုင်ခဲ့ရင်း လိုင်လီအတွက် အဓိက ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရသလို အင်္ဂလန် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံရတဲ့အထိ တောက်ပလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဂိုးမက်စ်ကို ပရီးမီးယားလိဂ်က ကလပ်အသင်းတွေအပြင် သူ့အသင်းဟောင်း ယူနိုက်တက်ကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : AP News

လီဗာပူးလ် စပါးအသင်းတွေက အင်္ဂလန် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာရတဲ့ ဂိုးမက်စ်ကို အတော်လေး မျက်စိကျလာတဲ့အချိန် ယူနိုက်တက်ကလည်း သူတို့ကစားသမားဟောင်းကို အသင်းဆီ ပြန်လည် ခေါ်ယူပြီး အသင်းမှာ အနာဂတ် မသေချာတော့တဲ့ အဲရစ်ဆင်နဲ့ ကက်စီမဲရိုးနေရာတို့အတွက် အစားထိုးချင်လာခဲ့ပါတယ်။

ဂိုးမက်စ်ကလည်း လာမယ့် ၂၀၂၅ ဇွန်မှာ လိုင်လီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ ပြည်ပကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ကြိုတင် ဆွေးနွေးနိုင်မှာဖြစ်ပြီး ယူနိုက်တက်ကလည်း သူတို့ ကစားသမားဟောင်းကို ပြန်လည် ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။