မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဂိုးသမား အန်ဒရေ အိုနာနာရဲ့ လက်ရှိ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် နောက်ထပ် ဂိုးသမားသစ်တစ်ဦး ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပြီး အေစီမီလန်အသင်းရဲ့ ပြင်သစ် ဂိုးသမား မိုက်ခ် မီနွန်ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ဒီနွေမှ အသင်းရဲ့ ဂိုးသမားတွေကို အပြောင်းအလဲများစွာ လုပ်ဆောင်ထားပြီး ဒီဂီယာ နဲ့ ဒင်းဟန်ဒါဆန်တို့နေရာမှာ အိုနာနာ နဲ့ ဘယင်ဒါတို့နဲ့ ပြန်လည် အစားထိုးထားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်ထိတော့ ယူနိုက်တက်က ကင်မရွန်း ဂိုးသမား အိုနာနာကိုသာ တောက်လျှောက် အသုံးပြုနေပါတယ်။

Photo Credit : Opta Analyst

အင်တာမီလန် ဂိုးသမားဟောင်း အိုနာနာက အင်တာမှာ အလွန်ပြောင်မြောက်တဲ့ လက်စွမ်းတွေ ပြသနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်မှာ နည်းပြဟောင်း တန်ဟက်ဂ်နဲ့ ပြန်လည် လက်တွဲရချိန်မှာပဲ လက်စွမ်းပိုင်း မတည်ငြိမ်တော့သလို အမှားအယွင်းတွေပါ များလာခဲ့ရပါတယ်။

ဒါကြောင့်မို့ ယူနိုက်တက်က နောက်ထပ် ဂိုးသမားသစ်တစ်ဦးကို ထပ်မံ ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေရာ အိုနာနာရဲ့ ပြိုင်ဘက် ဂိုးသမားဟောင်းဖြစ်သူ အေစီမီလန် ဂိုးသမား မီနွန်ကို စတင် စိတ်ဝင်စားလာခဲ့တယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Man Utd News

မီလန်အသင်းက ဂိုးသမား ဒွန်နာရမ်မာကို အသင်းကနေ အလွတ်နဲ့ လက်လွတ်လိုက်ရချိန်မှာပဲ အသက် (၂၈)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ဂိုးသမား မီနွန်ကို လိုင်လီကနေ ခေါ်ယူ အစားထိုးခဲ့တာဖြစ်ပြီး မီနွန်ဟာလည်း အခုဆိုရင် မီလန်နဲ့ တတိယမြောက်ရာသီကို ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီ အကယ်ဒမီထွက် ဂိုးသမား မီနွန်က မီလန်အသင်းမှာ လက်စွမ်းကောင်းတွေ ပြသနေလို့ ကလပ်အသင်းများစွာက သူ့ကို စိတ်ဝင်စားမှုတွေ ရှိနေပြီး ဒီအသင်းတွေထဲမှာလည်း ယူနိုက်တက်ပါ အပါအဝင် ဖြစ်နေပါတယ်။ ယူနိုက်တက်က မီနွန်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း(၆၀)နဲ့ ကမ်းလှမ်းဖို့ပါ ပြင်ဆင်နေပါတယ်။