မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ နယူးကာဆယ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ကော်လန် ဝီလ်ဆင်ကို ခေါ်ယူဖို့အတွက် ဝီလ်ဆင် အခြေအနေတွေကို စောင့်ကြည့်လျက် ရှိနေတယ်လို့ Standard Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီးအသင်းတို့က တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေကြတဲ့ အသင်းတွေ ဖြစ်ပေမယ့်လည်း အသင်းနှစ်သင်းလုံးက ဘဏ္ဍာရေး စည်းမျဉ်း အကန့်အသတ်တွေကြောင့် ကစားသမား ခေါ်ယူဖို့က အခက်အခဲတွေ ရှိနေရပါတယ်။

Photo Credit : The Athletic

ယူနိုက်တက်ရော ချယ်လ်ဆီးပါ အထောင်တိုက်စစ် နေရာအတွက် ကစားသမားတစ်ဦးကို ယာယီ သဘောမျိုးအနေနဲ့ ဖြည့်တင်းနိုင်ဖို့ ရီးယဲလ် ကစားသမားဟောင်းကြီး ကာရန် ဘန်ဇီမာကို အပြိုင် ပစ်မှတ်ထားနေပေမယ့် ဒီခေါ်ယူမှုက ထင်ထားတာထက် ပိုခက်ခဲနိုင်တာကြောင့် ဝီလ်ဆင်ကို ပြောင်းလဲ ပစ်မှတ်ထားလာနိုင်ပါတယ်။

ဘုန်းမောက် တိုက်စစ်မှူးဟောင်း ဝီလ်ဆင်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ကတည်းက ဘုန်းမောက်ကနေ နယူးကာဆယ်ဆီ ရောက်ရှိနေတာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက နယူးကာဆယ်အတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်နေခဲ့ရပါတယ်။

Photo Credit : NUFC News

လက်ရှိအချိန်မှာ နယူးကာဆယ်က ဒီနောက်ပိုင်း နှစ်တွေအတွင်း ဘဏ္ဍာရေး အရှုံးပေါ်တဲ့ အခြေအနေတွေကြောင့် ကစားသမား ရောင်းချမှုကို မဖြစ်မနေ လုပ်ဆောင်ရဖို့ လိုအပ်နေပြီး ဝီလ်ဆင်ကိုလည်း ပေါင် (၁၈)သန်းဝန်းကျင်နဲ့ ရောင်းထုတ်သွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။

ဒီအခြေအနေကို တိုက်စစ်ပိုင်း လိုအပ်ချက် ရှိနေကြတဲ့ ချယ်လ်ဆီး နဲ့ ယူနိုက်တက်တို့က စောင့်ကြည့်လျက် ရှိနေကြပေမယ့် ဝီလ်ဆင်က အသက် (၃၁)နှစ်အရွယ် ရှိနေတာနဲ့ မကြာခဏ ဒဏ်ရာတွေ ရနေတက်တဲ့ injury prone player ဖြစ်နေတာတွေက ဒီနှစ်သင်းအတွက် သတိထားစရာ ဖြစ်နေရပါတယ်။