MySport Myanmar

ဆိုစီဒက် ဂိုးသမားကို အပြိုင်လုကြတော့မယ် ယူနိုက်တက်နဲ့ ချယ်လ်ဆီး

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လာလီဂါကလပ် ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ ဂိုးသမားဖြစ်သူ အဲလက်စ် ရီမီယိုကို လာမယ့်နွေမှာ ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်ရော ချယ်လ်ဆီးအသင်းရောက ဒီနှစ်ဘောလုံးရာသီမှာ ဂိုးသမား အပြောင်းအလဲတွေ လုပ်ဆောင်ထားကြတာဖြစ်ပြီး ယူနိုက်တက်က ဒီဂီယာနဲ့ ဟန်ဒါဆန်တို့ နေရာမှာ အိုနာနာ ဘယင်ဒါတို့နဲ့ အစားထိုးခဲ့သလို ချယ်လ်ဆီးကလည်း မန်ဒီ ကယ်ပါတို့နေရာမှာ ဆန်းချက် ပက်ထရိုဗစ်တို့နဲ့ အစားထိုးသွားခဲ့ပါတယ်။

Photo Credit : The Week

ယူနိုက်တက်က အင်တာက အိုနာနာကို ခေါ်ယူခဲ့ပေမယ့် အိုနာနာရဲ့ လက်စွမ်းတွေက တည်ငြိမ်မှု မရှိသလို အသင်းရဲ့ ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် ပေးဂိုးတွေက အလွန်များနေရသလို ချယ်လ်ဆီးမှာကလည်း ဦးစားပေး ခေါ်ယူခဲ့တဲ့ ရောဘတ် ဆန်းချက်ဇ်က လက်စွမ်းပိုင်း အားနည်းမှု ရှိနေလို့ ဆာဘီးယား ဂိုးသမား ပက်ထရိုဗစ်ကိုပဲ ပြောင်းလဲ အသုံးပြုနေခဲ့ရပါတယ်။

ဒါကြောင့် ဒီနှစ်သင်းလုံးက လာမယ့်နွေဈေးကွက်မှာပဲ ဂိုးသမားတစ်ဦးခန့် ထပ်မံ ခေါ်ယူသွားဖို့ ရှိနေပြီး လက်ရှိမှာတော့ နှစ်သင်းလုံးက ဆိုစီဒက်အသင်းရဲ့ အသက် (၂၉)နှစ်အရွယ် စပိန် ဂိုးသမား ရီမီယိုကို ခေါ်ယူသွားဖို့ပါ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Transfermarket

၂၀၁၉ခုနှစ်ကတည်းက ဆိုစီဒက်အသင်းဆီ ရောက်ရှိနေတဲ့ ဂိုးသမား ရီမီယိုက ဒီရာသီထဲ ပြိုင်ပွဲစုံ (၄၅)ပွဲ ကစားထားပြီးချိန်မှာ Clean Sheets အရေအတွက်ပေါင်း (၂၀)အထိ စွမ်းဆောင်ထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း (၈)ပွဲအတွင်း (၆)ဂိုးသာ ခွင့်ပြုထားရတဲ့အထိ လက်စွမ်းပြထားနိုင်ခဲ့ပါတယ်။

လာလီဂါရဲ့ ပေးဂိုးအနည်းဆုံး ဂိုးသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဂိုးသမား ရီမီယိုဟာ ဆိုစီဒက်နဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသလို သူ့ကို ဆိုစီဒက်ဘက်ကလည်း စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရို သန်း(၇၀)အထိ သတ်မှတ်ထားသေးတာဖြစ်လို့ ဒီတန်ကြေးနဲ့ ဘယ်အသင်းက ရီမီယိုကို ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Exit mobile version