MySport Myanmar

ကင်မရွန်း တိုက်စစ်မှူးလေးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ် လီဟာဗာကနေ လူငယ်တိုက်စစ်မှူး အင်ဇို ကာနာ ဘီယစ်ချ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါဟာ ယူနိုက်တက်အတွက် ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

ပြင်သစ်မီဒီယာ L’Équipe ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အသက်(၁၈)နှစ်အရွယ် လူငယ်တိုက်စစ်မှူး ကာနာ ဘီယစ်ချ်ကို ခေါ်ယူဖို့ အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ကာနာ ဘီယစ်ချ်ဟာ လီဟာဗာရဲ့ အရန်လူငယ်အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ထင်ရှားသလို ဘောလုံးအတွေ့အကြုံပိုင်းမှာလည်း သန်မာမှုရှိကာ အရပ်နဲ့ မလိုက်အောင်ကို မြန်ဆန်သွက်လက်တဲ့ လှုပ်ရှားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

Photo Credit : Centredevils

ကာနာ ဘီယစ်ချ်က လီဟာဗာ စီနီယာအသင်းကြီးမှာ ပါဝင်ကစားဖူးခြင်း မရှိသေးပေမယ့် သူ့ရဲ့ ခြေစွမ်းတွေကြောင့် အသင်းပေါင်းစုံက ကင်းထောက်တွေရဲ့ အာရုံစိုက်မှုကို အဆက်မပြတ် ရရှိခဲ့ပြီး ယူနိုက်တက်ကလည်း သူ့ကို ခေါ်ယူနိုင်ဖို့ ကလပ်အသင်းတွေနဲ့အပြိုင် ကျော်ဖြတ်ပြီး အပြတ်အသတ် အသာရသွားခဲ့တာ ဖြစ်ပါတယ်။

ကာနာ ဘီယစ်ချ်ဟာ ဘောလုံးမျိုးရိုးရှိသူဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူ အန်ဒရေ ကာနာ ဘီယစ်ချ်ဟာ ကင်မရွန်း လက်ရွေးစင်အသင်းအတွက် ကစားခဲ့ဖူးတဲ့အပြင် သူ့အစ်ကို ဂျင်း အာမယ်လ် ကာနာဘီယစ်ချ်ကလည်း ကင်မရွန်း လက်ရွေးစင် ဖြစ်ခဲ့ဖူးပါတယ်။ ဒီလို ဘောလုံးမျိုးရိုးနောက်ခံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကာနာ ဘီယစ်ချ်ကို ယူနိုက်တက် ကစားသမားဟောင်း ပေါလ် ပေါဘာလို လီဟာဗာကနေ ပေါ်ထွက်လာတဲ့ အရည်အသွေးမြင့် ကစားသမားကောင်းတစ်ဦး ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။

Photo Credit : Paris Nomandie

ကာနာ-ဘီယစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အသင်းတွေထဲမှာ လီဂူးကလပ် မိုနာကိုနဲ့ မာဆေးလ်အသင်းတွေလည်း ပါဝင်ခဲ့ပြီး မာဆေးလ်ဆိုရင် သူ့ကို ကလပ်ရဲ့ နာမည်ကျော် လေ့ကျင့်ရေးကွင်း Commanderie ကိုတောင် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ ရေရှည်စီမံကိန်းနဲ့ သူ့ရဲ့တိုးတက်မှုအပေါ် ကိုယ်တိုင်စိတ်ဝင်စားမှုတို့က ဒီကစားသမားနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေကို အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်စေခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်ကတော့ ဒီလူငယ်လေးကို အိုးလ်ထရက်ဖို့ဒ်ရဲ့ ပထမအသင်းထဲဆီ ချက်ချင်းထည့်သွင်းမယ့်အစား စနစ်တကျ ချဉ်းကပ်သွားသွားဖို့သာ စီစဉ်ထားပါတယ်။ ကလပ်အနေနဲ့ ကာနာ ဘီယစ်ချ်ကို ခေါ်ယူပြီးတာနဲ့ INEOS အဖွဲ့ ပိုင်ဆိုင်ထားတဲ့ ဆွတ်ဇာလန်ကလပ် Lausanne အသင်းဆီကို အငှားချသွားဖို့ ရှိနေပါတယ်။

Exit mobile version