MySport Myanmar

ဘွန်ဒစ်လီဂါမှာ ခြေစွာနေတဲ့ ယူနီယံဘာလင်အသင်းက အစ္စကို ကို ခေါ်ယူ

ဒီနှစ်ဘောလုံးရာသီ ဂျာမန်ဘွန်ဒစ်လီဂါမှာ ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ခြေစွာလို့နေတဲ့ ယူနီယံဘာလင်အသင်းကတော့ အခု ဆောင်းဈေးကွက်ထဲမှာ အသင်းအတွက် အကျိုးရှိစေမယ့် ကစားသမား ခေါ်ယူမှုတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဘိုင်ယန်မြူးနစ်အသင်းကို အနီးကပ်ဆုံးနေရာကနေ ဖိအားပေးလို့နေတဲ့ ယူနီယံဘာလင်အသင်းဟာ အခု ဆောင်းဈေးကွက် မပိတ်သိမ်းခင်အတွင်းမှာ free agent ဖြစ်နေတဲ့ နာမည်ကျော် ကစားသမားတစ်ဦးကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီကစားသမားကတော့ ရီးယဲလ်မက်ဒရစ် ဆီဗီလာအသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ အစ္စကိုပါ။ အစ္စကိုဟာ ဆီဗီလာအသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်နေရပြီး သူ့ကိုလည်း ကလပ်အသင်းများစွာက ချိတ်ဆက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ယူနီယံဘာလင်ကိုသာ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit : Sportbuzzer

စပိန်လက်ရွေးစင်ဟောင်း ကွင်းလယ်လူ အစ္စကိုဟာ အသင်းဟောင်း ရီးယဲလ်နဲ့အတူ ဆုဖလား အောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပေမယ့်လည်း underrated player တစ်ဦး ဖြစ်သလို သူရဲ့ ဒဏ်ရာပြသာနာတွေကြောင့် ခြေစွမ်းပိုင်းတွေ ကျဆင်းတာတွေပါ ဖြစ်ခဲ့ရပါတယ်။ အခုတော့ အစ္စကိုဟာ ဘွန်ဒစ်လီဂါမှာ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ထားရတဲ့ ယူနီယံဘာလင်အသင်းမှာ ပါဝင်ရတော့မှာဖြစ်ပြီး အစ္စကိုအနေနဲ့ သူ့အသင်းသစ်ကို ချန်ပီယံလိဂ်ဝင်ခွင့်လောက်အထိ ရရှိအောင် ကူညီပေးသွားနိုင်မယ့် အခွင့်အရေးမျိုးပါ ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ ဘွန်ဒစ်လီဂါကို တန်းတတ်လာခဲ့တဲ့ ယူနီယံဘာလင်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း အမြင့်ဆုံး အောင်မြင်မှုအဖြစ် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာထိ ရပ်တည်နိုင်ခဲ့သလို အခုလည်း ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်နဲ့ (၁)မှတ်အကွာ အဆင့်(၂)နေရာမှာပါ ရောက်ရှိနေတာကြောင့် ချန်ပီယံ မျှော်လင့်ချက်ရော ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ပါ အားကောင်းလျက် ရှိနေရပါတယ်။ ဒီလိုအချိန်မှာ အတွေ့အကြုံကောင်းတွေများစွာ ပိုင်ဆိုင်ထားတဲ့ အစ္စကိုလို ကစားသမားတစ်ဦးကိုပါ ခေါ်ယူလိုက်နိုင်တာက ယူနီယံဘာလင်အတွက်တော့ တကယ်ကို အကျျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

Exit mobile version