မန်စီးတီးအသင်းဆီကို ပြီးခဲ့တဲ့နွေစျေးကွက်ကမှ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီနောက်ခံကစားသမား ရူဘင်ဒီယက်ဇ်ဟာ သူရောက်ရှိလာမှုနဲ့အတူ အသင်းရဲ့ခံစစ်ပိုင်းက ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ရာသီအစက ခံစစ်ပိုင်း ယိုယွင်းမှုတွေဟာလည်း ပြန်လည်ကျစ်လစ်သွားခဲ့ရသလို အသင်းကလည်း ပွဲတော်တော်များများမှာ Clean Sheet တွေ ရယူနိုင်ခဲ့တာကြောင့် လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အသင်းတွေအားလုံးထဲမှာလည်း မန်စီးတီးက ပေးဂိုး(၁၃)ဂိုးနဲ့ ဒီရာသီရဲ့ ပေးဂိုးအနည်းဆုံးအသင်း ဖြစ်လို့နေရပါတယ်။

Photo Credit : World Football

မန်စီးတီးအသင်းဟာ ရာသီအစမှာ ပေးဂိုးတွေ အရမ်းကိုများခဲ့ရပြီး ပွဲစဉ်(၃)မှာလည်း လက်စတာအသင်းကို (၂)ဂိုး(၅)ဂိုးနဲ့ကို ရှုံးနိမ့်ခဲ့ရတာကြောင့် နွေစျေးကွက်မပိတ်သိမ်းခင်မှာပဲ ဘင်ဖီကာအသင်းရဲ့ နောက်ခံကစားသမား ရူဘင်ဒီယက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်(၆၂)သန်းနဲ့ ခေါ်ယူအားဖြည့်ဖြစ်ခဲ့ရပါတယ်။ ဒီယက်ဇ်ရောက်ရှိလာပြီးနောက်ပိုင်း မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ(၂၈)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပေးဂိုးက (၁၀)ဂိုးအထိပဲ ရှိခဲ့ရပြီး Clean Sheet ကိုလည်း (၁၉)ပွဲအထိတောင် ရယူနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အကျိုးသက်ရောက်မှု ကောင်းမွန်ခဲ့တဲ့ ဒီယက်ဇ်လို ကစားသမားမျိုးကို အသင်းရဲ့လူစာရင်းကနေ ခဏလောက် ချန်လှပ်ထားဖို့ အနားပေးထားဖို့ကိုတောင် မနည်းစဉ်းစားနေရတယ်လို့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

သတင်းထောက်တစ်ဦးက ဒီယက်ဇ် အသင်းကို ရောက်ရှိလာတာဟာ လီဗာပူးလ်ကို ဗန်ဒိုက်ရောက်လာသလိုမျိုးနဲ့ ဆင်တူတဲ့ အကျိုးသက်ရောက်မှုမျိုးရှိလားလို့ မေးမြန်းလာခဲဲ့ရာ ဂွာဒီယိုလာက “ဒါပေါ့။ သေချာပါတယ်။ သူက ဒီမှာ လျင်လျင်မြန်မြန်နဲ့ကို အထိုင်ကျခဲ့တာ။ စိတ်ပိုင်းဆိုင်ရာလည်း အားကောင်းတယ်။ ပရော်ဖက်ရှင်နယ်လည်း ပီသတယ်။ ကွင်းအတွင်းကွင်းအပြင် သူလုပ်ဆောင်တာတွေ အိပ်တာ စားတာ ကြိုတင်ပြင်ဆင်တာတွေအားလုံးက သူရဲ့(၉၅)မိနစ်တာအတွင်း စွမ်းဆောင်ရည်ကို အထောက်အကူ ပြုစေခဲ့တယ်။ သူက သူတစ်ကိုယ်တည်း ကောင်းကောင်းကစားနိုင်တဲ့ ကစားသမားမျိုးတောင် မဟုတ်ပါဘူး။ တခြားအသင်းဖော်တွေကိုပါ ခြေစွမ်းပိုင်း ကောင်းမွန်လာအောင် လုပ်ပေးနိုင်တတ်တဲ့ ကစားသမားမျိုးပါ။ မိနစ်(၉၀)အတွင်း အသင်းဖော်တွေနဲ့ ပြောဆိုနေမှုတွေ ဆက်သွယ်နေမှုတွေက အရမ်းကောင်းပါတယ်။ ဒါကြောင့်လည်း သူ့ကို လူစာရင်းကနေ ခဏလောက် ချန်လှပ်ဖို့ဆိုတာတောင် ကျွန်တော့်အတွက်က ခက်ခဲနေရတယ်။ ဒါကို တခြားသော ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ စတုန်းစ် လာပေါ့တ်နဲ့ အကီတို့ သင်ယူနိုင်မယ်လို့ ထင်ပါတယ်။ ဂါဆီယာကတော့ ဒီယက်ဇ်လို ပုံစံမျိုးပါ။ အသင်းဖော်တွေကို ဦးဆောင်နိုင်စွမ်းရှိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။