အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်းအနေနဲ့ လာမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ထပ်မံပြီး ကျရှုံးခဲ့ဦးမယ်ဆိုရင် သူရဲ့အနာဂတ် အခြေအနေဟာလည်း ပြောင်းလဲသွားနိုင်ကာ ရာထူးကနေ ထုတ်ပယ်ခံသွားရနိုင်တယ်လို့ အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Football365

အင်္ဂလန်အသင်းဟာ UEFA Nations League ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေ ရရှိနေပြီး (၅)ပွဲ ကစားပြီးချိန် လုံးဝကို နိုင်ပွဲမရှိထားခဲ့ပဲ League (B)ကို တန်းဆင်းထားခဲ့ရတဲ့အပြင် အသင်းတိုက်စစ်ကလည်း ပင်နယ်တီကနေသာ ဂိုးတစ်ဂိုးရထားပြီး open play ကနေ တစ်ဂိုးမှကို မရထားသေးတဲ့ အခြေအနေတွေကြောင့် အင်္ဂလန်ရဲ့ အခြေအနေက စိုးရိမ်စရာ အနေအထား ဖြစ်လာခဲ့ရပါတယ်။ ပိုဆိုးတာကတော့ လာမယ့် လပိုင်းအတွင်းမှာပဲ 2022 world cup ကြီးပါ စတင် ကျင်းပတော့မှာဖြစ်လို့ ဒီပုံစံနဲ့သာဆို အင်္ဂလန်တို့ ကမ္ဘာ့ဖလားမှာလည်း အရင်နှစ်တွေလို နာမည်ကြီးထမင်းငတ် အခြေအနေနဲ့ ထပ်မံ ကြုံ့တွေ့ရဖွယ် ရှိနေပါတယ်။

Photo Credit : The Telegraph

ဒီလို အခြေအနေနဲ့သာ ကြုံတွေ့ရမယ်ဆိုရင်တော့ ၂၀၂၄ခုနှစ် ယူရိုပြိုင်ပွဲအထိ စာချုပ်သက်တမ်း ရှိနေသေးတဲ့ သူရဲ့ အနာဂတ်ဟာလည်း ပြောင်းလဲသွားနိုင်တယ်လို့ အင်္ဂလန်နည်းပြ ဆော်ဂိတ်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဆောက်ဂိတ်က “နောက်ဆုံးမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲထဲ ဘာဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ရမှာပါ။ နည်းပြတွေက (၃)နှစ်(၄)နှစ် ဒါမှမဟုတ် (၅)နှစ် သဘောတူချက်တွေ ရှိနိုင်တာကြောင့် စာချုပ်တွေက မသက်ဆိုင်ပေမယ့် ရလဒ်တွေ ကောင်းမွန်လုံလောက်အောင် မလုပ်ဆောင်နိုင်ခဲ့ရင် ခင်ဗျားအနေနဲ့ သီးခြားလမ်းစဉ်ကို သွားဖို့ အချိန်တန်ပြီဆိုတာကို လက်ခံရမယ်။ ကျွန်တော်လည်း ဒီအတိုင်းပါပဲ။ ကျွန်တော့်ကျမှ မတူကွဲပြားစရာလည်း မရှိပါဘူး။ ကျွန်တော်ရဲ့စာချုပ်က ကျွန်တော် ဘယ်လို အခြေအနေမှာပဲရှိရှိ ကျွန်တော့်ကို အကာအကွယ်ပြုနိုင်လိမ့်မယ်လို့ မတွေးထားနိုင်ပါဘူး” လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အနေနဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲဖို့က တစ်လခွဲလောက်သာ လိုအပ်နေတော့ပြီး ဝေးလ်စ် အမေရိကန် အီရန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်လို့နေပါတယ်။ ကမ္ဘာ့ဖလားပွဲကြီး မတိုင်ခင်မှာပဲ အင်္ဂလန်က Nations League ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဂျာမနီနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်သလို ဒီပွဲကိုတော့ ဒီနေ့ညမှာပဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။