လောကကြီးမှာ နာမည်တူမရှား လူတူမရှားဘူးဆိုပေမယ့်လည်း နာမည်တူတာထက် လူချင်းတူရင်တော့ အံ့အားသင့်ရခြင်းက ပိုမိုဖြစ်စေရပါတယ်။ သွေးမတော်သားမစပ် သူနဲ့ကိုယ် ဘာဆိုဘာမှမပတ်သက်ပေမယ့် မျက်နှာအသွင်အပြင်ခြင်း ဆင်တူနေတဲ့အခါမှာ အံ့သြမှင်သက်စရာတွေ ဖြစ်လာခဲ့ရပြီး တချို့လူတွေဆိုရင် နယ်ပယ်ပေါင်းစုံက နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ မျက်နှာပုံစံခြင်း ဆင်တူရာကနေ သူတို့ရဲ့နာမည်ပါ လူပိုသိလာခဲ့လာပါတယ်။ အခုလည်း ဂိုးသမားဒေးဗစ်ဒီဂီယာနဲ့ ခွဲမရလောက်အောင် ရုပ်ချင်းတူနေတဲ့ လူတစ်ယောက်ကို ဘောလုံးနယ်ပယ်ထဲမှာ တွေ့ရှိခဲ့ရပါတယ်။

Photo Credit : Daily Mail

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမားဖြစ်သူ ဒီဂီယာကိုယ်တိုင်ကပါ အံ့အားသင့်သွားခဲ့ရလောက်အောင် ဒီဂီယာနဲ့ ရုပ်ချင်းဆင်တူနေသူကတော့ စကော့တလန်ကလပ် ရိုစ့်ကောင်တီအသင်းရဲ့နည်းပြ စတူးဝပ်ကတ်တီဝဲလ်ပဲဖြစ်ပါတယ်။ ကတ်တီဝဲလ်ဟာ သူရဲ့အသင်းနဲ့ မာသားဝဲလ်အသင်းတို့ ယှဉ်ပြိုင်မကစားခင် Sky Sports ရုပ်သံနဲ့ အင်တာဗျူးနေခဲ့ရာ အဲ့ဒီပုံစံက ဒီဂီယာနဲ့ အတော်လေးကို ဆင်တူလို့နေပြီး ဆံပင်ပုံစံ မုတ်ဆိတ်မွှေးပုံစံတွေနဲ့ မျက်နှာပုံစံကအစ ဒီဂီယာနဲ့ နင်လားငါလားဖြစ်အောင် ထူးထူးဆန်းဆန်း တူနေခဲ့လို့ ဒီဂီယာကိုယ်တိုင်ကပါ အံ့သြမှင်သက်သွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

သူနဲ့ ခွဲမရလောက်အောင် ရုပ်ချင်းတူနေတဲ့ ကတ်တီဝဲလ်ရဲ့ဓါတ်ပုံကို ဒီဂီယာက သူရဲ့တွစ်တာပေါ်မှာ ဖော်ပြသွားခဲ့ပြီး သူရဲ့ယူနိုက်တက်အသင်းဖော် မားကပ်စ်ရပ်ဖိုဒ့်ကပါ ရယ်မောနေတဲ့ အီမိုဂျီလေးတွေနဲ့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ပရိသတ်တွေကလည်း ကတ်တီဝဲလ်ရဲ့အသွင်အပြင်ကြောင့် အတော်လေးကို အံ့အားသင့်ခဲ့ရလို့ သူရဲ့ဓါတ်ပုံအောက်မှာ မှတ်ချက်များစွာ လာရောက်ရေးသားသွားခဲ့ကြပါတယ်။ ဒီဂီယာကတော့ လတ်တလောမှာ သူရဲ့ဂိုးဖမ်းပုံပေါ့ဆမှုနဲ့ အမှားအယွင်းတွေကြောင့် သူရဲ့နံပါတစ်နေရာကို ဆုံးရှံးရဖို့တောင်ရှိနေပြီး ယူနိုက်တက်အသင်းကလည်း ရှက်ဖီးယူနိုက်တက်အသင်းဆီ အငှားချထားတဲ့ လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကိုတောင် အသင်းရဲ့ဦးစားပေးအဖြစ် သတ်မှတ်ဖွယ်ရှိနေသလို အသင်းရဲ့ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်ရဲ့သားဖြစ်သူ ကတ်စပါရှမိုက်ကယ်ကိုပါ လက်စတာအသင်းကနေ ခေါ်ယူသွားဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ မကြာသေးခင်ကမှ သက်တမ်းတိုးထားတဲ့ ဒီဂီယာကို အသင်းကနေ ရောင်းထုတ်သွားဖို့ လုံးဝအစီအစဉ်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။