အက်စတွန် ဗီလာအသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီက ဒီနေ့ညမှာ ရင်ဆိုင်သွားရမယ့် အဲရစ် တန်ဟက်ဂ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ကို လုံးဝ အထင်သေးလို့ မရကြောင်း လျှော့တွက်မထားသင့်ကြောင်း သတိပေး ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ကြားရက်တုန်းက ဗ်ီလာပါ့ခ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဗီလာက သူတို့အသင်းထက် အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို တိုက်စစ်မှူး ဂျွန် ဒူရန်ရဲ့ လူစားဝင်ပြီး သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဂိုးသမား မာတီနက်ဇ်ရဲ့ မှော်ဝင်လက်စွမ်းပြမှုတွေနဲ့ ခမ်းခမ်းနားနား နိုင်ပွဲကြီးကို ရရှိခဲ့ပါတယ်။
Photo Credit : Goal
ဒီနေ့ဆိုရင်လည်း ဗီလာပါ့ခ်မှာပဲ မန်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်သွားရဦးမှာဖြစ်ပြီး ယူနိုက်တက်ကတော့ ဘိုင်ယန်လို အခြေအနေမျိုး မဟုတ်ဘဲ တစ်သင်းလုံးက ရုန်းကန်လို့နေရပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေမှာတောင် ယူနိုက်တက်ကို လျှော့တွက်လို့ မရကြောင်း အမ်မရီက သတိပေးစကား ဆိုလာပါတယ်။ “ကျွန်တော်ကတော့ အဲရစ် တန်ဟက်ဂ်အပေါ်မှာ လေးစားမှုအပြည့် ရှိပါတယ်။”
“ကျွန်တော် ဒီအသင်းဆီ စရောက်လာတုန်းက သူတို့အသင်းကို အနိုင်ရခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ပွဲတွေမှာတော့ ကျွန်တော်တို့က အိမ်ကွင်းရော အဝေးကွင်းမှာပါ ရှုံးပွဲ (၄)ပွဲအထိ ကြုံတွေ့ထားရပါတယ်။ သူတို့က အောင်မြင်တဲ့ အသင်းပါ။ အတွေ့အကြုံရှိတဲ့ နည်းပြနဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေလည်း ရှိတယ်။ မနှစ်ကဆိုရင်လည်း FA Cup မှာ မန်စီးတီးကို အနိုင်ယူပြီး ဗိုလ်စွဲထားခဲ့ပါသေးတယ်။”
Photo Credit : Goal
“အခု သူတို့က ရလဒ်တွေ ကောင်းမွန်နေတာ မဟုတ်ပေမယ့် သူတို့ရဲ့ ကြီးမားတဲ့ စွမ်းဆောင်ချက်တွေနဲ့အတူ အရည်အချင်းတွေ စွမ်းရည်တွေနဲ့ အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။ ကျွန်တော် သူတို့အသင်းအပေါ်မှာလည်း လေးစားမှုထားပါတယ်။ ဘိုင်ယန်နဲ့ပွဲကို ပြင်ဆင်ရတာထက် ဒီပွဲကို ပိုပြီး ပြင်ဆင်သွားရပါလိမ့်မယ်။ ဒီပွဲကလည်း တကယ်ကို ကြီးမားတဲ့ ပွဲစဉ်လည်း ဖြစ်လာပါမယ်။”
“မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ အသင်း မဟုတ်ပေမယ့်လည်း သူတို့မှာက အရည်အသွေးမြင့် ကစားသမားတွေ နည်းပြတွေ ရှိနေတာမို့ ချန်ပီယံလိဂ်က အသင်းတစ်သင်းကို ရင်ဆိုင်ရသလို ဖြစ်နေမှာပါ။ ဒီပွဲအတွက်ကိုလည်း ကျွန်တော်တို့ ဗီလာအသင်း ပရိသတ်တွေက အားပါးတရ အားပေးကြလိမ့်မယ်ဆိုတာ လုံးဝ ယုံကြည်ပါတယ်။” လို့ ဗီလာနည်းပြ အမ်မရီက ပြောဆိုသွားခဲ့ပါတယ်။