အက်စတွန်ဗီလာ နည်းပြသစ် အူနိုင်းအမ်မရီက မနေ့ည ဗီလာပတ်ခ်မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့လိုက်ခြင်းဟာ သူ့အတွက်တော့ အိမ်မက်တစ်ခု မက်နေသလိုမျိုးတောင် ခံစားမိရကြောင်းနဲ့ ပရီးမီးယားလိဂ်ဆီ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ သူ့အတွက်လည်း အလွန်ကောင်းမွန်တဲ့ တာထွက်ဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

Aston Villa start Unai Emery era with convincing win over Man United

Photo Credit : Yahoo! Sports

အာဆင်နယ်နည်းပြဟောင်း အမ်မရီဟာ အာဆင်နယ်နဲ့ လမ်းခွဲပြီးနောက် လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းကို ကိုင်တွယ်နေစဉ်မှာပဲ ဂျရတ်နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ဗီလာအသင်းက လစ်လပ်သွားတဲ့ နည်းပြနေရာအတွက် အမ်မရီကို ကမ်းလှမ်းခဲ့ရာ အမ်မရီကလည်း လက်ခံခဲ့တာကြောင့် ဗီလာနည်းပြသစ် ဖြစ်လာခဲ့ရပြီး သူရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ခရီးစဉ်အစမှာပဲ ယူနိုက်တက်အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ တွေ့ဆုံတိုင်းမှာ ရလဒ်ကောင်းတွေ ရယူနိုင်တတ်တဲ့ အမ်မရီဟာ သူရဲ့လက်ရှိကလပ် ဗီလာရဲ့ ၁၉၉၅ခုနှစ်နောက်ပိုင်း ဗီလာပတ်ခ်မှာ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်း ယူနိုက်တက်ကို အနိုင်မရခဲ့ဖူးတဲ့ အစဉ်အလာဆိုးကြီးတစ်ခုကိုပါ ရိုက်ချိုးသွားခဲ့ပါသေးတယ်။

Photo Credit : Football365

“ကျွန်တော် အိမ်မက် မက်နေတာ ဖြစ်နိုင်တယ်။ ဒီနေ့ ကျွန်တော် အရမ်းပျော်မိတယ်။ ပရိသတ်တွေရဲ့ အားပေးမှုတွေကတော့ တကယ်ကို အံ့သြဖို့ကောင်းတယ်။ ကျွန်တော်တို့မှာ စွမ်းအားပြည့်ဝတဲ့ ကစားသမားတွေ ရှိတယ်။ ကျွန်တော်တို့မှာ အရည်အသွေးကောင်းတဲ့ ကစားသမားတွေ ရှိတယ်။ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံးရှိပြီး စည်းကမ်းကောင်းကောင်းနဲ့ ပွဲအတွက် အစီအစဉ် ချမှတ်ထားသလို စုစုစည်းစည်း ကစားစေချုင်ခဲ့တာ။ ကစားသမားတွေလည်း အဲ့ဒီအတိုင်းကို ကစားသွားခဲ့နိုင်တယ်။ ဒီနေ့ကတော့ တကယ့်ကို နေ့ထူးနေ့မြတ် တစ်ရက်ပါပဲ။ ဒီနေရာမှာ ကျွန်တော်ရဲ့ စိန်ခေါ်မှုက တသမတ်တည်း ရှိနေဖို့ပါပဲ။ နောက်ပြီး ဒီနေ့ နိုင်ပွဲရဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ ဒီမှာ သူတို့ကို အနိုင်မယူနိုင်ခဲ့တာလည်း ကြာပါပြီ။ ပရိသတ်တွေရဲ့ အပြုသဘောဆောင်တဲ့ အားပေးမှုတွေက ကစားသမားတွေအတွက်တော့ မရှိမဖြစ် လိုအပ်နေတဲ့ စွမ်းအားတွေပါပဲ။ ဒါက အားလုံး ပြီးပြည့်စုံတယ်။ ကျွန်တော်တို့မှာ စိတ်အားထက်သန်မှု ရှိနေတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်ပြီး အင်္ဂါနေ့မှာ ကစားသမားတွေကို ဒါက ငါတို့ရဲ့ ပထမဆုံး ခြေလှမ်းသာ ရှိသေးတယ်ဆိုတာကို ပြောပြရပါလိမ့်မယ်။ ဒီခြေလှမ်းကို ငါတို့လှမ်းခဲ့ပြီးပြီ။ အခု ငါတို့တွေ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လုပ်ဆောင်ထားရမယ်လို့ တိုက်တွန်းရပါမယ်” လို့ အမ်မရီက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။