အက်စတွန်ဗီလာအသင်းရဲ့ နည်းပြသစ်ဖြစ်သူ အူနိုင်းအမ်မရီက ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယံ တောင်ပံကစားသမားလည်းဖြစ် ချယ်လ်ဆီး ကစားသမားဟောင်းလည်းဖြစ်တဲ့ အီဒင်ဟာဇက်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းမီဒီယာ Defensa Central ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

Defensa Central သတင်းမီဒီယာကနေ ဖော်ပြလာချက်အရ ဗီလာနည်းပြသစ် အမ်မရီက ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်ဟောင်း ဟာဇက်ကို လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာ အသက်(၃၁)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ စူပါစတား ကစားသမားကြီး ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးကနေ ရီးယဲလ်အသင်းဆီကို ပေါင်သန်း(၁၅၀)နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ ကျောနံပါတ် (၇)ကို ဆက်ခံခဲ့ရပေမယ့် ဒဏ်ရာပြသာနာ ပုံမှန်ခြေစွမ်းမရှိတာတွေကြောင့် သူရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Football365

ဒီလို အခြေအနေမျိုး ရှိနေရတဲ့ ဟာဇက်ကို ဗီလာအသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး ဗီလာဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဘာစီလိုနာမှာ နေရာပျောက်နေရတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း ဖီလစ်ပီကော်တင်ဟိုကို ခေါ်ယူထားခဲ့ဖူးတာကြောင့် အခုတစ်ချိန် ဟာဇက်ကိုပါ ခေါ်ယူဖို့ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ ဟာဇက်က ရီးယဲလ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားဖြစ်လို့ ဗီလာက ဟာဇက်ကို ခေါ်ယူရာမှာ ကော်တင်ဟိုကို ခေါ်ယူခဲ့စဉ်က အသုံးပြုခဲ့တဲ့ နည်းလမ်းအတိုင်းက ကနဦး ရာသီအကုန်အထိ အငှားနဲ့ ခေါ်ယူပြီးမှ အငှားစာချုပ် ပြည့်ချိန်မှာ အပြီးသတ် ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။ ဟာဇက်က ဒီရာသီမှာ ဒဏ်ရာကင်းစင်နေပေမယ့် ရီးယဲလ်နည်းပြ အန်စလော့တီက ဟာဇက်ကို ပွဲကစားခွင့်တွေ သိပ်မပေးထားခဲ့ပဲ လာလီဂါမှာ တစ်ပွဲတည်းသာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုထားခဲ့သလို ချန်ပီယံလိဂ်မှာလည်း (၂)ပွဲသာ lineup ထဲ ထည့်သွင်းထားခဲ့ပါတယ်။ ဟာဇက်ကိုယ်တိုင်ကလည်း ရီးယဲလ်နဲ့ (၃)ရာသီ ဖြတ်သန်းထားပြီးတဲ့နောက်မှာ စုစုပေါင်း သွင်းဂိုး (၆)ဂိုးသာ သွင်းယူထားနိုင်တဲ့အထိကို သူရဲ့ စွမ်းဆောင်မှုတွေက အံ့အားသင့်စရာ ဖြစ်နေရပြီး အသင်းကတော့ လာမယ့်နှစ်လောက်မှာပဲ ဟာဇက်ကို ရောင်းချသွားဖွယ် ရှိနေပါတယ်။