လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂန်ကလော့ပ်က ဒီနေ့ည သူတို့ရဲ့အိမ်ကွင်း အန်ဖီးလ်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် သူတို့အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းကို လုံးဝ လျှော့တွက်သွားမှာ မဟုတ်ကြောင်းနဲ့ ဗီလာရီးယဲလ်အသင်းကိုရော အသင်းနည်းပြ အူနိုင်းအမ်မရီကိုပါ ချီးကျူးစကားတွေ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ဗီလာရီးယဲလ်အသင်းဆိုတာ လီဗာပူးလ်ထက် တစ်ဆင့်နိမ့်တဲ့ အသင်းမျိုး ဖြစ်နေပေမယ့် မနှစ်က ဘောလုံးရာသီမှာ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ထားခဲ့သလို ဒီရာသီမှာလည်း အုပ်စုဒုတိယနေရာနဲ့ ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို တတ်လှမ်းထားနိုင်ခဲ့တဲ့အပြင် ရှုံးထွက်မှာလည်း ဂျုဗင်တပ်စ် ဘိုင်ယန်မြူးနစ်အသင်းတွေကို လုံးဝရှုံးနိမ့်ခဲ့ခြင်း မရှိပဲ ကျော်ဖြတ်လာနိုင်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ လက်ရှိ နှစ်သင်းလုံးရဲ့ ကစားသမားအင်အား အသင်းအနေအထားတွေအရ လီဗာပူးလ်နဲ့ ဗီလာရီးယဲလ်အသင်းတို့ကြားမှာ ချန်ပီယံလိဂ် ဖိုင်နယ်တတ်မယ့် အသင်းအဖြစ် လီဗာပူးလ်ကသာ ရေပန်းစားနေတာ ဖြစ်နေပေမယ့်လည်း လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ သူတို့အနေနဲ့ ပြိုင်ဘက်အသင်းကို လျှော့တွက်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Goal

ကလော့ပ်က “ကျွန်တော်တို့က မှန်ကန်တဲ့ သုံးသပ်ချက်တစ်ခု လုပ်ခဲ့ပါတယ်။ ကျွန်တော် အူနိုင်းအမ်မရီနဲ့ ဗီလာရီးယဲလ်အသင်းတို့ကို အရမ်းလေးစားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကစားတဲ့ ပွဲတွေကို မြင်ဖူးလို့ပါ။ ဒါပေမယ့် မျက်လုံးတစ်ဖက်တည်းနဲ့သာ မြင်ခဲ့ရတာပါ။ ဒီအတောအတွင်းမှာပဲ ကျွန်တော် သူတို့ကို ကောင်းကောင်းကြည့်ခဲ့ပြီး အထင်ကြီးလောက်စရာပါပဲ။ အူနိုင်းက အသေးစိတ်ကအစ အစွဲအလမ်းကြီးတဲ့ နည်းပြတစ်ယောက်ဆိုတာ သိသာပါတယ်။ သူက ပွဲတွေထဲမှာ မတူညီတဲ့ အခြေအနေတွေအားလုံးကို ပြင်ဆင်တတ်သူဖြစ်ပြီး အဲ့ဒါက သူ့အသင်းအတွက် ဆောင်ရွှက်ပေးတာမျိုးပါ။ အသင်းကို တည်ဆောက်ထားတဲ့ပုံ ဖိအားပေးပုံ တန်ပြန်ကစားပုံတွေကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်တာ အရမ်းသဘောကျစရာကောင်းတယ်။ တကယ် အထင်ကြီးစရာပါ။ အူနိုင်းက ကမ္ဘာ့အဆင့် နည်းပြတစ်ဦးဖြစ်ပြီး ဗီလာရီးယဲလ်မှာလည်း မယုံနိုင်လောက်စရာ အလုပ်တစ်ခုကို လုပ်နေတာပါ။ ကျွန်တော်တို့ အလုပ်က သူတို့အတွက် တတ်နိုင်သမျှ ခက်ခဲအောင် လုပ်ဖို့ပါ။ ပြီးတော့ ဒီနှစ်ကျော့စလုံးကို ကျော်ဖြတ်ဖို့ ကြိုးစားဖို့ပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။