ဒီနှစ် နွေစျေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ သြစတြီးယားကြယ်ပွင့် နောက်ခံကစားသမား ဒေးဗစ်အလာဘာဟာ တကယ်တမ်းမှာတော့ ရီးယဲလ်အသင်းထက် ရီးယဲလ်ရဲ့ အယ်ဂလက်စီကိုပြိုင်ဘက်အသင်း ဘာစီလိုနာကိုသာ ပြောင်းရွှေ့ချင်ခဲ့တာလို့ ဘိုင်ယန်မြူးနစ် ဥက္ကဌဟောင်း အူလီဟိုးနက်စ်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Bavarian Football Works

အသက်(၂၉)နှစ်အရွှယ်ရှိ သြစတြီးယားလက်ရွေးစင် နောက်ခံကစားသမား အလာဘာဟာ သူရဲ့ကစားသမားဘဝကို ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆယ်စုနှစ်တစ်ခုလောက်အထိလောက်အထိ ဖြတ်သန်းခဲ့တာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရချိန်မှာတော့ အသင်းနဲ သက်တမ်းမတိုးတော့ပဲ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ရီးယဲလ်မှာထက် ဘာစီလိုနာမှာသာ ပါဝင်ကစားချင်ခဲ့တာဖြစ်ကြောင်း အလာဘာနဲ့ ဘိုင်ယန်မှာ လက်တွဲဖူးခဲ့တဲ့ ဥက္ကဌဟောင်း အူလီဟိုးနက်စ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Espana

အလာဘာနဲ့ပတ်သက်ပြီး အူလီဟိုးနက်စ်က “သူ ကျွန်တော့်ကို တစ်ခါပြောခဲ့ဖူးသေးတယ်။ သူရဲ့ စိတ်ကူးအိမ်မက်က တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားခွင့်ရဖို့ပဲဆိုပြီး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အလာဘာလို အရည်အသွေးပြည့်ဝပြီး ဆုဖလားအောင်မြင်မှုများစွာ ရယူနိုင်ခဲ့ဖူးတဲ့ ကစားသမားကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ သူအမှန်တကယ် ပြောင်းရွှေ့ချင်နေတဲ့ ဘာစီလိုနာအသင်းလည်း ပါဝင်ခဲ့ပေမယ့် ဘိုင်ယန်မှာပင် ရရှိနေတဲ့ လုပ်ခလစာထက် ပိုမိုလိုချင်နေတဲ့ အလာဘာကို ခေါ်ယူဖို့က ခက်ခဲတာကြောင့် ဘာစီလိုနာဘက်ကနေ လက်လျှော့လိုက်ရတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း သူ့ကို် မြင့်မားတဲ့ လစာမျိုး ပေးချေနိုင်မယ့် ရီးယဲလ်ကိုသာ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ အူလီဟိုးနက်စ်အနေနဲ့ကလည်း ဒီညမှာ သူရဲ့အသင်းဟောင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမယ့် ဘာစီလိုနာအသင်းဟာ မက်ဆီလို အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေကို ဆုံးရှုံးထားတာဖြစ်လို့ ဘိုင်ယန်ကို ယှဉ်ကစားနိုင်ဖို့ မလွယ်ကူဘူးလို့ သုံးသပ်ထားခဲ့ပါတယ်။